ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဘောင်းဒွတ်ကျေးရွာထဲကို မနေ့က လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲ ခဲ့တာကြောင့် ရွာမှာရှိတဲ့ ဦးမောင်သန်းအေးနဲ့ မဌေးဌေးအောင်တို့ သားဖနှစ်ဦး လက်နက်ကျည်စ ထိမှန်ခဲ့ပါတယ်။
ဦးမောင်သန်းအေးရဲ့ နှာခေါင်းမှာ ထိခိုက်ဒဏ်ရာရခဲ့တာဖြစ်သလို မဌေးဌေးအောင်ရဲ့ ဝဲဘက်လက်မောင်းကို ကျည်စဖောက်ထွက်ပြီး ဒဏ်ရာရခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ မြောက်ဦးဆေးရုံမှာ ဆေးကုသမှု ခံယူနေရပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး ကတော့ တပ်ဌာနချုပ် ၃ ခုကို မနေ့ညက ၁၀ နာရီကျော်လောက်မှာ AA အဖွဲ့က ပစ်ခတ်လာတာကြောင့် အချိန်လေးဆယ့်ငါးမိနစ်၊ တစ်နာရီလောက် ကြာအောင် အပြန်အလှန်ပစ်ခတ်ခဲ့ရတာဖြစ်ပြီး ရွာသားနှစ်ဦး ဒဏ်ရာရ၊ မရကို စုံစမ်းနေဆဲလို့ ဒီနေ့နေ့လယ်က RFA ကိုပြောပါတယ်။
ရက္ခိုင့်တပ်မတော် AA ရဲ့ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခ ကတော့ AA အဖွဲ့က ပစ်ခတ်တာမျိုး လုံးဝမရှိခဲ့ဘူးလို့ ပြောပါတယ်။
ဘောင်းဒွတ်ကျေးရွာသားတွေက မနေ့ကပစ်ခတ်မှုဟာ အချိန်တစ်နာရီလောက်သာ မဟုတ်ဘဲ ည ၁၀ နာရီကျော်ခန့် ကနေ မနက် ၅ နာရီနီးပါးအထိကြာမြင့်ခဲ့သလို သားဖနှစ်ဦး ထိခိုက်ဒဏ်ရာရတာဟာလည်း ည ၁၂ နာရီခွဲအချိန် လောက်မှာဖြစ်တယ်လို့ပြောပါတယ်။
မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးက မြို့နယ်ဆရာဝန် ဒေါက်တာခင်မောင်ရင်က မနေ့က ထိခိုက်ဒဏ်ရာရခဲ့တဲ့ သားဖနှစ်ဦးကို လိုအပ်တဲ့ကုသမှုတွေကို လုပ်ဆောင်နေပြီး အသက်အန္တရာယ်တော့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။