မုံရွာမှာ လက်နက်ကြီးကြောင့် ဒေသခံ နှစ်ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ညောင်ပင်ရွာမ ကျေးရွာထဲကို ဖေဖော်ဝါရီ ၁၇ ရက် နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ခြောက်လုံး ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သား နှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ညောင်ပင်ရွာသစ်က ဒေသခံတချို့လည်း ကြောက်လန့်ပြီး ထွက်ပြေးနေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရွာထဲမှာ စာသင်ကျောင်းနားကို နှစ်လုံးကျတယ်။ ရွာထဲကို နှစ်လုံးကျတယ်။ နှစ်လုံးကတော့ တောခြေ (ရွာနီးစပ်) ကို ကျတာ”

ထိခိုက်ဒဏ်ရာရသူတွေရဲ့ အမည်တွေကို မသိရသေးဘူးလို့ သူက ပြောပါတယ်။

ဒီလက်နက်ကြီးကျည်တွေကို မုံရွာမြို့ အရှေ့ခြမ်း စစ်ကောင်စီရဲ့ ကျောက်ဆစ်ပုံ အမြောက်တပ်က လှမ်းပစ်တာလို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကတော့ လုံခြုံရေးကိစ္စတွေကို သူ မသိဘူးလို့ ပြောပါတယ်။

ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း မုံရွာမြို့နယ် ထနောင်းတော (တောင်) ရွာမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ဒေသခံ လေးဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။