ပြည်နယ်နဲ့ တိုင်း ၇ ခုမှာ မိုးများနိုင်


2017.10.05
weather-622 ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့ မွန်းလွဲ (၂:၀၀) နာရီအချိန် မိုးလေဝသတိုင်းထွာချက်ကို တွေ့ရစဉ်
ဓါတ်ပုံ - မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

ဘင်္ဂလားပင်လယ်အော်မှာ မုတ်သုံလေအားကောင်းနေတဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီး ၇ ခုမှာ  သုံးရက် အတွင်း မိုးများနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောပါတယ်။

မွန်၊ ကရင်၊ ရခိုင်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ တနင်္သာရီ စတဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ လာမယ့် ၃ ရက်အတွင်း နေရာကွက်ပြီး မိုးကြီးတာတွေ ဖြစ်နိုင်တယ်လို့ ဦးကျော်မိုးဦးက ပြောပါတယ်။

"ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေလှည့်ပတ်မှုလေးတစ်ခု အဲဒါရဲ့အရှိန်ကြောင့်မို့လို့ မုတ် သုံလေအား နည်းနည်းပြန်တက်လာတာကတစ်ကြောင်း၊ နောက်မုတ်သုံက မြစ်ဝကျွန်းပေါ်က ထွက်တော့မယ့် အနေအထား အဲဒီမုတ်သုံထွက်ခါနီးရင် အဲဒီထွက်မယ့်ဒေသတွေမှာ မိုးများတယ်၊ပြီးတော့မှ မိုးတဖြေးဖြေးလျော့ သွားတယ်၊ အဲဒါကြောင့် မြစ်ဝကျွန်းပေါ်ဒေသတွေနဲ့ မွန်၊ကရင်နဲ့ ရခိုင်ဒေသတွေမှာ နှစ်ရက် သုံးရက်ထိကို မိုးရွာနေဦးမှာပါ"

လက်ရှိအချိန်ဟာ မုတ်သုံလေ ဆုတ်ခွာနေတဲ့အချိန်ဖြစ်တာကြောင့် အားကောင်းတဲ့ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေပြီး မိုးသည်းထန်တာ၊ လေပြင်းတိုက်ခတ်တာ၊ လျှပ်စီးလက်တာ၊ မိုးခြိမ်းတာနဲ့ မိုးကြိုးပစ်တာတွေ ဖြစ်ပေါ်နိုင်လို့ သတိပြုနေထိုင်သင့်တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် မြန်မာ့ပင်လယ်ပြင် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်းတွေကျရောက်နိုင်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

မိုးသက်လေပြင်းကျစဉ်မှာ ရေပြင်၊ မြေပြင်လေက တစ်နာရီ ၃၅ မိုင်ထိ တိုက်ခတ်နိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။