စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ဟလင်းရွာမှာ မတ်လ ၂ ရက်နေ့ညကစပြီး တိုက်ပွဲပြင်းထန်နေတာကြောင့် နှစ်ဖက်ကျဆုံးမှုတွေများသလို ရွာခြောက်ရွာက ဒေသခံနှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ အဲဒီရွာတွေမှာ နေထိုင်သူတွေက ပြောပါတယ်။
ဟလင်းရွာအခြေစိုက် စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဟလင်းရွာနဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ ရွာငါးရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဆိုပါတယ်။
ဒီနေ့မှာလည်း ရွှေဘိုမြို့အခြေစိုက် စစ်ကောင်စီတပ်တွေက ဟလင်းရွာအနီးပတ်ဝန်းကျင်ကို လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“အခု ကျောက်မြောင်း ခမရ (၁၂) ဘက်ကပစ်နေတာ။ ရွှေဘိုမြို့နယ်အစပ်မှာ တောင်လှဆိုတာရှိတယ်။ အဲဒီ ဧရာ၀တီမြစ်ကမ်းတစ်ဖက်ကနေ ဒီဘက်ကို အမြောက်နဲ့ လှမ်းပစ်နေတာ”
ထွက်ပြေးနေရတဲ့ရွာတွေဟာ အိမ်ခြေနှစ်ရာဝန်းကျင်စီရှိတဲ့ ရွာတွေဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဟလင်းရွာတိုက်ပွဲမှာ နှစ်ဖက်အကျအဆုံးများတယ်လို့ ပြောပေမယ့် အရေအတွက်ကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
ဒေသခံတွေထွက်ပြေးနေရတာနဲ့ တိုက်ပွဲအခြေအနေကိုသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။
မတ်လ ၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကနီမြို့က စစ်ကောင်စီတပ်စခန်းတွေကို ဒေသကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲပြင်းထန်နေပြီး ဒေသခံတစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) ရဲ့စာရင်းအရ မြန်မာနိုင်ငံတစ်ဝန်း ပြည်တွင်းနေရပ်စွန့်ခွာနေရသူ ၂ ဒသမ ၇ သန်းနီးပါးရှိလာပါပြီ။