စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အရှေ့ခြမ်းက ပိတောက်ခြုံရွာဟာ နိုဝင်ဘာလ ၈ ရက် မနေ့က ဒုတိယအကြိမ် မီးထပ်ရှို့ခံရပြီး နှစ်ကြိမ်ပေါင်း နေအိမ် ၆၈ လုံး မီးလောင်ပျက်စီး သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အင်အားတစ်ရာခန့်ရှိတဲ့ စစ်ကောင်စီတပ်ဟာ မနက် ၇ နာရီဝန်းကျင်မှာ မီးစရှို့ခဲ့တာဖြစ်ပြီး နေအိမ် ၆၁ လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦး က RFA ကို ပြောပါတယ်။
"ရွာထဲကို ဝင်ထားတာဗျ။ မီးရှို့တာတော့ ၇ နာရီခွဲလောက်မှာရှို့တယ်။ စစ်ကောင်စီ တပ်အင်အားက တစ်ရာလောက်ရှိမယ်။ ဒေသခံတွေကတော့ စစ်ကြောင်းရှင်းသွားရင် မီးလောင်တဲ့ဟာတွေရှင်း၊ ကိုယ်ခြံထဲ တဲလေးထိုး။ စားဝတ်နေရေးလည်း တော်တော် ဒုက္ခရောက်ကြပါတယ်။ ကျနော်ဒီနေ့ရောက်ခဲ့တဲ့ အနေအထားပေါ့နော် "
ပိတောက်ခြုံရွာဟာ အောက်တိုဘာလ ၁၄ ရက်နေ့မှာလည်း စစ်ကောင်စီတပ် အင်အား ၈၀ ကျော် ပထမအကြိမ် ဝင်ရောက် မီးရှို့ခဲ့တာကြောင့် နေအိမ်ခုနစ်လုံး မီးလောင်ကျွမ်းခဲ့တယ် လို့ ပြောပါတယ်။
အိမ်ခြေနှစ်ရာဝန်းကျင်ရှိတဲ့ အဲဒီရွာက ဒေသခံရှစ်ရာခန့်ဟာ စားဝတ်နေရေးအတွက် အကူ အညီတွေ လိုအပ်နေတဲ့အပြင် ဆောင်းရာသီအတွက် အနွေးအထည်၊ စောင်နဲ့ ဆေးဝါးတွေ လည်း လိုနေတယ်လို့ သူက ပြောပါတယ်။
ဘာကြောင့် အခုလို ဒုယိအကြိမ် မီးထပ်ရှို့သွားလဲဆိုတာတော့ တိတိကျကျမသိရသေးဘူး လို့ ပိတောက်ခြုံရွာ ဒေသခံတွေက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာ မရှိသေး သလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ခေါ်ဆိုမေးမြန်းခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။