စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ထန်းကြီးရွာကို စစ်ကောင်စီတပ်တွေ မနေ့ညက ညအိပ် ဝင်ရောက်ပြီး ဒီနေ့ မနက်ပိုင်းမှာ မီးရှို့ခဲ့လို့ အိမ်ခြေလေးရာကျော်ရှိတဲ့ အဲဒီရွာဟာ တစ်ဝက် နီးပါး မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ထန်းကြီးရွာ မီးရှို့ခံရတယ်။ ပုလဲကထွက်လာတဲ့ စစ်ကြောင်းကရှို့တာ။ မနေ့က ပေါက်က္ကံ။ ပေါက်က္ကံကနေပြီးတော့ ထန်းကြီးရွာကို ညအိပ်ဝင်တယ်။ မနက်အထွက် ကျတော့ မီးရှို့တာ။ တိုက်ပွဲမဖြစ်ဘဲနဲ့ မီးရှို့တာ။ အိမ်ခြေ လေးရာလောက်ရှိတာ တစ်ဝက်လောက်တော့ ပါသွားတယ်”
အဲဒီစစ်ကြောင်းဟာ ထန်းကြီးရွာကနေ စစ်ကိုင်းနယ်စပ်က ကျောင်းဖြူရွာဘက်ကို ရောက်သွားပြီးနောက် အဲဒီဒေသဘက်အရောက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းဖြူရွာနားကို ရောက်လာတဲ့စစ်ကြောင်းကို ဗိုလ်ကျားကြီး (Bo Tiger) အဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ပြီး နာရီဝက်လောက် တိုက်ပွဲဖြစ်ခဲ့တယ်လို့ အဲဒီအဖွဲ့ရဲ့ခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။
“အဲဒီစစ်ကြောင်း ကျောင်းဖြူရွာနားကို ရောက်လာတဲ့အချိန် ကျနော်တို့နဲ့ ရင်ဆိုင် ဖြစ်တာပါ။ ကျနော်တို့ဘက်က အကျအဆုံး မရှိဘူး။ သူတို့ဘက်ကတော့ သုံးယောက် လဲကျသွားတာ တွေ့လိုက်တယ်။ တိုက်ပွဲဖြစ်ပြီးတော့ သူတို့ ကျောင်းဖြူရွာထဲကို ဝင်သွားတယ်”
နေအိမ်တွေ မီးရှို့ခံရတာနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောခွင့်ရသူထံ တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံ ဖြေကြားတာ မရှိပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ သူတို့တပ်ဖွဲ့တွေက နေအိမ်တွေကို မီးရှို့တယ်ဆိုတာ စွပ်စွဲချက်တွေသာဖြစ်ပြီး အရပ်သားတွေထိခိုက်အောင် ဘယ်လိုနည်းနဲ့မှ လုပ်စရာ အကြောင်းမရှိဘူးလို့ RFA ကို အရင်က တုံ့ပြန်ငြင်းဆိုထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း ဝက်လက်မြို့နယ်က စစ်ကောင်စီတပ်တွေ အခြေစိုက်ထားတဲ့ ရှိမ်းမကားရွာရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေဘက်က လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ်ခဲ့ပါတယ်။
ဝက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လလုံးနီးပါး စစ်ကောင်စီတပ်တွေ ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့တာကြောင့် ရွာပေါင်း ၁၀ ရွာက ဒေသခံ ခြောက်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ဝက်လက် ဒေသခံတွေက ပြောပါတယ်။
လွတ်လပ်တဲ့ သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ စာရင်းတွေ အရ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့ အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် အခုနှစ် ဩဂုတ်လ ၂၅ ရက်အထိ စစ်ကိုင်းတိုင်းမှာ နေအိမ် ၂၀,၁၅၃ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။