ဝက်လက်မှာ ဒေသခံခြောက်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရ

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် သစ်ဆိမ့်ကြီးကျေးရွာမှ စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့သည့် နေအိမ်အချို့ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: GZ Special Task Force – Wetlet)

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ အောက်တိုဘာ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ စစ်ကောင်စီတပ်တွေ ရွာတွေထဲ စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံ ခြောက်ထောင်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဝက်လက်ဒေသခံတွေက ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲက ပိတောက်ခြုံ၊ ဆင်နင်း၊ သစ်ဆိမ့်ကြီး၊ ကူကြီး ၊ စခန်းသာနဲ့ ဘုရားလေးကုန်းရွာ အပါအဝင် ရွာပေါင်း ၁၀ ရွာက ဒေသခံတွေ ထွက်ပြေးနေရတာလို့ ဝက်လက်ဒေသခံတစ်ဦးက RFA ကို ဒီကနေ့ ပြောပါတယ်။

“ကိုယ့်အနီးအနားရွာမှာ စစ်ကြောင်းဝင်တယ်ဆိုရင်လည်း တခြားရွာတွေက လူတွေလည်း ထွက်ပြေးရတယ်။ အိမ်ပြန်လည်းခဏပဲ။ လုံခြုံရတဲ့အနေထား မဟုတ်တော့လေ။ ဆွေမျိုးတွေဆီနဲ့ တောတောင်တွေထဲ ထွက်ပြေးကြရတာ။ အခုဝင်တဲ့စစ်ကြောင်းက ရက်စက်တယ်လို့ ပြောလို့ရတယ်။ မီးရှို့ခံရတဲ့ရွာတွေလည်း များတယ်။ မီးရှို့ခံရတဲ့ လူတွေကတော့ တော်တော် ဒုက္ခရောက်နေတာပေါ့ဗျာ”

လက်ရှိ ဘေးလွတ်ရာ ထွက်ပြေးနေရတဲ့ ဒေသခံတွေအတွက် နေရေးထိုင်ရေးအပြင် စားဝတ်နေရေးပါ အခက်အခဲ ရှိလာပြီလို့ သူကဆက်ပြောပါတယ်။

ဝက်လက်မြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်နေတဲ့ စစ်ကောင်စီတပ်ဟာ တပ်မ - ၃၃ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒီပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ သတင်းထုတ်ပြန်ထားတာ မရှိပါဘူး။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၄ ရက်နဲ့ ၁၅ ရက်တွေကလည်း ပိတောက်ခြုံရွာက နေအိမ် ခုနစ်လုံးနဲ့ ဆင်နင်းရွာက နေအိမ် ခုနစ်လုံး၊ အောက်တိုဘာ ၁၆ ရက်မှာ သိမ်ဆိမ့်ကြီးရွာက နေအိမ် ၃၄ လုံးနဲ့ ကူကြီးရွာက နေအိမ်သုံးလုံးကို စစ်ကောင်စီ တပ်ဖွဲ့တွေက မီးရှို့ဖျက်ဆီး ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စခန်းသာနဲ့ ဘုရားလေးကုန်းရွာမှာလည်း နေအိမ်တွေ မီးရှို့ခံခဲ့ရပေမယ့် ဒေသကာကွယ်ရေး တပ်ဖွဲ့တွေ ရှင်းလင်းရေး မဝင်ရသေးတာကြောင့် ဒေသခံတွေရွာထဲ မပြန်ရဲသေးလို့ အတိအကျမသိရဘူးလို့ GZ Special Task Force – Wetlet ရဲ့ တာဝန်ခံတစ်ဦးက RFA ကိုပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး (UNOCHA) ရဲ့အောက်တိုဘာ ၁ ရက်နေ့က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာတော့ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာ သိမ်းပြီးနောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် စစ်ကိုင်းတိုင်းထဲက ဒေသခံ ၅၄၅,၂၀၀ ဦး နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖော်ပြထားပါတယ်။