မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝါးသုံးအိုင်ရွာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နဲ့ ၁၀ ရက် နေ့တွေမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၂၂ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဒီနေ့ ပြောပါတယ်။
ရေစကြိုအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ အင်အား ၇၀ ဝန်းကျင်က ဝါးသုံးအိုင်ရွာမှာ လေးရက် စခန်းချခဲ့ပြီး မီးရှို့ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရွာကို လေးဘက်လေးလံ ရှို့သွားတာ။ နေအိမ် ၂၂ လုံး ပါသွားတယ်။ ဘယ်သူမှ ဝင်လို့မရသေးဘူး။ ရွာထဲမှာ မိုင်းတွေ၊ ဘာတွေ ထောင်ထားမှာစိုးလို့ ရှင်းလင်းရေး လုပ်နေတယ်လို့ ပြောတယ်"
အဲဒီရွာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) အဖွဲ့ဝင်တွေ အစည်းအဝေးလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မီးရှို့သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
အောက်တိုဘာလ ၁၀ ရက်နေ့မှာလည်း ဝါးသုံးအိုင်ရွာမှာ ဝင်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (Young Force - UG) ရဲ့ တာဝန်ခံ ကိုကျီးကန်းက ပြောပါတယ်။
"အဲညနေ သူတို့မီးရှို့တယ်။ ကျနော်တို့က ဒရုန်းတွေ အီနာဂါတွေနဲ့ ပစ်ချတယ်။ လက်နက်ကြီးတွေနဲ့ထုတယ်။ အဲလို ဖြစ်လို့ သူတို့ဘက်က ထပ်ပြီးတော့ ညအထိ မီးရှို့တယ်။ နောက်နေ့ မနက်အစောကြီး အဲဒီရွာနားအထိကပ်ပြီး အော်တိုဂန်းတွေနဲ့ ထုတယ်။ ကျနော်တို့ကို သူတို့ပြန်ဝိုင်းတဲ့ အချိန်ပြန်ဆုတ်တယ်။ သူတို့ အထိနာ သွားတော့ ထပ်မီးရှို့တယ်"
စစ်ကောင်စီတပ်သားတွေ ရွာကအထွက်မှာ သူတို့အဖွဲ့စောင့်ကြိုတိုက်ခိုက်ချိန် စစ်ကြောင်း က အနောက်ကနေ ပတ်ပြီး စခန်းကိုပါ မီးရှို့သွားတယ်လို့လည်း ကိုကျီးကန်းက ပြောပါတယ်။
မီးရှို့သွားတာကြောင့် စခန်းမှာရှိတဲ့ ကန့်လေးခုအနက် တစ်ခု၊ ကားတစ်စီး၊ ဒရုန်းနဲ့ အင်ဗာတာတွေပါ ပျက်စီးသွားသလို အခြားပစ္စည်းတွေကိုလည်း စစ်ကောင်စီတပ်သားတွေ သိမ်းဆည်းသွားပြီး အောက်တိုဘာ ၁၁ ရက်နေ့မှာတော့ အဲဒီစစ်ကြောင်း ရေစကြိုဘက်ကို ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေက ရွာကိုမီးရှို့သွားတာလို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့ ဘက်က ပြောပေမယ့် RFA အနေနဲ့ သီခြားအတည်မပြုနိုင်သလို နေအိမ်တွေ မီးရှို့ခံရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၆ ရက်နေ့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းချိန်မှာ စစ်ကောင်စီဘက်က ဒီလိုမျိုးတွေ မလုပ်ဘူးလို့ ငြင်းဆိုထားပါတယ်။
ဝါးသုံးအိုင်ရွာဟာ အိမ်ခြေ နှစ်ရာဝန်းကျင်ရှိပြီး မြိုင်မြို့နဲ့ ငါးမိုင်ခန့်၊ ရှင်မတောင်နဲ့ သုံးမိုင်ခန့်အကွာမှာရှိတဲ့ ရွာဖြစ်သလို လက်ရှိမှာတော့ တစ်ရွာလုံး ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။