နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆုကို မြန်မာအမျိုးသမီး ရှေ့နေ ရရှိ

2024.03.01
နိုင်ငံတကာ အမျိုးသမီးရဲစွမ်းသတ္တိရှင်ဆုကို မြန်မာအမျိုးသမီး ရှေ့နေ ရရှိ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်တွင်ရှိသည့် သမ္မတအိမ်ဖြူတော်အား တွေ့ရစဉ်။
AFP

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်အတွက် ပေးအပ်တဲ့ နိုင်ငံတကာ အမျိုးသမီးရဲစွမ်း သတ္တိဆုရှင် ၁၂ ဦးထဲမှာ မြန်မာနိုင်ငံက ရှေ့နေ ဒေါ်မဉ္ဇူဝင်း ပါဝင်ပါတယ်။

နိုင်ငံတစ်ဝန်းက ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ ကျားမ တန်းတူညီမျှရေး ကြိုးပမ်းနေတဲ့ အမျိုးသမီးတွေကို နှစ်စဉ် အမေရိကန်နိုင်ငံခြားရေးဌာနက ရွေးချယ်ပြီး ဆုချီးမြှင့်တာဖြစ်ပါတယ်။

ဒေါ်မဉ္ဇူဝင်းဟာ ဝါရင့်ရှေ့နေတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံခံရသူတွေအတွက် ဥပဒေရေးရာ အကူအညီပေးနေသူဖြစ်ပါတယ်။ သူဟာ အမျိုးသမီးတွေ၊ ကလေးတွေ၊ မသန်စွမ်းတွေနဲ့ လိင်စိတ်ခံယူမှု ကွဲပြားတဲ့ LGBT အသိုင်းအဝိုင်းအတွက် အခြေခံလူ့အခွင့်အရေးတွေ ရဖို့၊ တရားမျှတမှုရဖို့ ဥပဒေကြောင်းအရ ကူညီနေသူဖြစ်ပြီး လူပေါင်း ၅ဝဝ ကျော်ကို ကာကွယ်ပေးခဲ့ပြီးဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒေါ်မဉ္ဇူဝင်းဟာ ၂၀၁၇ ခုနှစ်မှာ ဥပဒေရေးရာအထောက်အကူပြုအဖွဲ့တစ်ခုကို ဦးစီးတည်ထောင်ထားသလို ဥပဒေကျောင်းသား၊ ကျောင်းသူတွေကို ဥပဒေသင်တန်းတွေ ပို့ချပေးနေပြီး ပြည်သူတွေကို တရားဥပဒေစိုးမိုးရေးနဲ့ပတ်သက်တဲ့အသိပညာ မျှဝေနေသူဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီနှစ် ဆုရရှိသူတွေထဲမှာ မြန်မာအပြင် အာဖဂန်နစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ဘယ်လာရုစ်၊ ဘော်စနီးယား၊ ကျူးဘား၊ ဂမ်ဘီယာ၊ အီရန်၊ ဂျပန် စတဲ့ နိုင်ငံတွေက အမျိုးသမီး စုစုပေါင်း ၁၂ ယောက် ရရှိခဲ့တာဖြစ်ပါတယ်။ ဒီဆုချီးမြှင့်ပွဲ အခမ်းအနားကို မတ်လ ၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာရှိတဲ့ သမ္မတအိမ်ဖြူတော်မှာ ကျင်းပမှာဖြစ်ပါတယ်။

၂ဝဝ၇ ခုနှစ်ကစပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုင်ငံပေါင်း ၉ဝ ကျော်က အမျိုးသမီး ၁၉၀ ကျော်ကို ရွေးချယ်ချီးမြှင့်ခဲ့ပြီးဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။