၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ တစ်လအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး အယောက်သုံးဆယ် သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့က မတ်လ ၆ ရက်ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အဲဒီအထဲမှာ လက်နက်ကြီးကြောင့် သေဆုံးခဲ့သူ ကိုးဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူ ခုနစ်ဦး၊ ပစ်သတ်ခံရလို့ သေဆုံးခဲ့သူ ငါးဦး၊ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ ငါးဦး၊ နှိပ်စက်ခံရပြီးသေဆုံးသူ သုံးဦးနဲ့ မီးရှို့သတ်ဖြတ်ခံရသူ တစ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။
ဒီလို သေဆုံးမှုတွေထဲမှာ စစ်ကိုင်းတိုင်းက အမျိုးသမီး ၁၅ ဦးနဲ့ အများဆုံးဖြစ်ပြီး ပဲခူးတိုင်းက ခြောက်ဦးနဲ့ ဒုတိယအများဆုံး သေဆုံးခဲ့တာပါ။
BWU ကတော့ ဒီလိုသေဆုံးတဲ့ အချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေကရတဲ့ အချက်အလက်တွေကို စုစည်းထားတာလို့ ဆိုပါတယ်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့က စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ကန်သာကုန်းရွာအနီးမှာ ငါးကန်စောင့်ပြီးနေထိုင်တဲ့ ကိုယ်ဝန်သည်တစ်ဦးနဲ့ အမျိုးသမီး လေးဦးအပါအဝင် အရပ်သားခြောက်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
သတ်ဖြတ်ခံရသူတွေဟာ မြင်းစီးရွာခံတွေဖြစ်ပြီး မြင်းစီးရွာပျူစောထီးအဖွဲ့က သတ်ဖြတ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေဘိုဒေသခံတွေက RFA ကို ပြောပါတယ်။
ဖေဖော်ဝါရီတစ်လအတွင်း ရန်ကုန်၊ မန္တလေး၊ တနင်္သာရီနဲ့ ရှမ်းပြည်နယ်က အမျိုးသမီး ၁၇ ဦး စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ နိုင်ငံတစ်ဝန်းက အမျိုးသမီး ၈၀၆ ဦးသေဆုံးခဲ့ပြီး ၃၃၃၂ ဦးကတော့ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ BWU က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်ကတော့ BWU ရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုထားတာ မရှိသေးပါဘူး။