တစ်လအတွင်း အမျိုးသမီး ခြောက်ဆယ်ကျော် သေဆုံး

RFA Burmese
2024.03.27
တစ်လအတွင်း အမျိုးသမီး ခြောက်ဆယ်ကျော် သေဆုံး စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပျက်စီးခဲ့သည့် ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ အမ်းသားစံပြကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအား ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

နိုင်ငံတစ်ဝန်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေအပါအဝင် စစ်ကောင်စီတပ်ကြောင့် အခု မတ်လအတွင်းမှာ အမျိုးသမီး ၆၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က မတ်လ ၂၇ ရက်နေ့က ထုတ်ပြန်ပါတယ်။

မတ်လ ၁ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ နိုင်ငံတစ်ဝန်းက အမျိုးသမီးတွေ သေဆုံးမှုအရေအတွက်ဖြစ်ပြီး သေဆုံးသူ ၆၁ ဦးထဲမှာ အသက် ၁၈ နှစ်အောက် ၁၆ ဦးနဲ့ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အို ဆယ်ဦး ပါဝင်တယ်လို့ ဆိုပါတယ်။

အဲဒီအထဲမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်က ၂၂ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ပြီး ၂၉ ဦးကတော့ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် သေဆုံးရတာလို့ AAPP က ပြောပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ တုံ့ပြန်ပြောဆိုလာတာတော့ မတွေ့ရသေးပါဘူး။

အခုမတ်လအတွင်းမှာပဲ မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသုံးဦး အပါအဝင် အရပ်သားနှစ်ဆယ် သေဆုံးခဲ့တယ်လို့လည်း ဗြိတိန်အစိုးရ အင်ဒို-ပစိဖိတ်ရေးရာဝန်ကြီး Anne-Marie Trevelyan က မတ်လ ၂၇ ရက်နေ့မှာ ပြောထားပါတယ်။ ပြည်သူတွေဟာ ကြောက်မက်ဖွယ် အကြမ်းဖက်မှုတွေကို ခံစားနေရတယ်လို့လည်း သူက ဆိုပါတယ်။

AAPP ရဲ့ မတ်လ ၂၇ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း ဒီမိုကရေစီရေးလှုပ်ရှားသူနဲ့ ပြည်သူ၊ စုစုပေါင်း ၄၇၉၁ ဦး သေဆုံးခဲ့ပြီး လူနှစ်သောင်းကျော် (၂၀,၂၈၀) ကတော့ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။