မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းလျော့ကျမယ်လို့ ကမ္ဘာ့ဘဏ်ခန့်မှန်း


2018.12.14
2018-world-bank-report-622 ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည့်၂ဝ၁၈ ခုနှစ် မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာ
(Screenshot of World Bank Report)

မြန်မာနိုင်ငံရဲ့ စီးပွားရေးတိုးတက်မှုနှုန်းဟာ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာ ၆. ၈ ရာခိုင်နှုန်း ရှိရာကနေ၊ ၂ဝ၁၈-၂ဝ၁၉ မှာ ၆.၂ ရာခိုင်နှုန်းအထိကျဆင်းပြီး၊ ပြန်ပြီးဦးမော့လာဖို့ အခက်အခဲရှိနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ပြောလိုက်ပါတယ်။

ဧပြီလကနေ အောက်တိုဘာလအတွင်း မြန်မာကျပ်ငွေနဲ့ အမေရိကန် ဒေါ်လာလဲလှယ်နှုန်း အဆမတန် ကျဆင်းခဲ့တဲ့အတွက် ငွေကြေးဖောင်းပွမှု ဖြစ်စေခဲ့တယ်လို့ မနေ့ကထုတ်ပြန်တဲ့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ငွေဖောင်းပွနှုန်းဟာ ၂ဝ၁၇-၂ဝ၁၈ ခုနှစ်မှာ ၅.၅ ရာခိုင်နှုန်း ရှိရာကနေ လာမယ့်နှစ်မှာ ၈.၈ ရာခိုင်နှုန်းအထိ ရှိလာပြီး၊ သွင်းကုန်ပစ္စည်းတွေဈေးတက်သလို စားသောက်ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာမယ်လို့ ဆိုပါတယ်။

လောင်စာဆီဈေးနှုန်းမြင့်တက်ပြီး မြန်မာငွေတန်ဖိုးကျဆင်းနေတဲ့အတွက် ကုန်ထုတ်လုပ်မှုစရိတ် ကြီးမြင့်လာတာ၊ စားသုံးသူတွေ ဝယ်လိုအား လျော့နည်းလာတာ၊ ပြည်ပတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု အပါအဝင် ရင်းနှီးမြှုပ်နှံမှုတွေ နှေးကွေးနေတာတွေကြောင့် စက်မှုလုပ်ငန်းကဏ္ဍမှာ ၂ဝ၁၇-၂ဝ၁၈ က ၉.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ရာက ၂ဝ၁၈-၂ဝ၁၉ မှာ ၈.၂ ရာခိုင်နှုန်းအထိ ကျဆင်းသွားမယ်လို့ ကမ္ဘာ့ဘဏ်က သုံးသပ်ထားပါတယ်။

ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် မြန်မာနိုင်ငံအပေါ် ဥရောပသမဂ္ဂက ကုန်သွယ်မှု အထူးအခွင့်အရေး ပြန်ရုတ်သိမ်းတာတွေ၊ ပြည်တွင်းစီးပွားရေး မညီမျှတာတွေအပြင်၊ ကမ္ဘာ့စီးပွားရေး ကျဆင်းမှုကြောင့် မြန်မာ့စီးပွားရေး ကျဆင်းနိုင်တဲ့ အလားအလာ တွေ့နေရတယ်လို့လည်း အစီရင်ခံစာမှာ သုံးသပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။