ဝမ်းတွင်း မြို့မရဲစခန်းက ရဲအုပ်တစ်ဦး ပစ်သတ်ခံရ
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့မရဲစခန်းက ရဲအုပ် စောနိုင်ဦးဟာ အောက်တိုဘာ ၉ ရက် မနေ့ည ၇ နာရီအချိန်ခန့် ဝမ်းတွင်းမြို့ အမှတ် (၁) ရပ်ကွက်ရုံးရှေ့မှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတယ်လို့ ဝမ်းတွင်းမြို့ခံတွေက RFA ကို ဒီကနေ့ ပြောပါတယ်။
ရဲအုပ် စောနိုင်ဦး ကားမောင်းနေချိန် ဆိုင်ကယ်တစ်စီးနဲ့ လူနှစ်ဦးက အနောက်ကနေ လိုက်ပစ်ခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဝမ်းတွင်းမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။
"ရဲအုပ် စောနိုင်ဦး စီးလာတဲ့ ခဲရောင် တိုယိုတာ Wish အမျိုးအစားကား အနောက်ကနေ သေနတ်နဲ့ လိုက်ပစ်ခံရတာ။ သူက နယ်ထိန်းလည်းဟုတ်တယ်။ ဝမ်းတွင်းမြို့မ ရဲစခန်း မှာ ယာယီစခန်းမှူး တာဝန်ယူထားတာ။ နိုင်ငံရေးကိစ္စ အကြောင်းပြပြီး ဖမ်းလာတဲ့ သူတွေကို ရိုက်နှက်တာမျိုးတွေ လုပ်တဲ့သူ တစ်ယောက်ဖြစ်တယ်။ နောက်ကျမှ မှားပြီး ဖမ်းလာလို့ဆိုပြီး ပြန်လွှတ်တာမျိုးတွေလည်း ရှိခဲ့တယ်"
ရဲအုပ် စောနိုင်ဦးရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၁၀ ရက် ဒီနေ့မနက်ပိုင်း ဝမ်းတွင်းမြို့သုသာန်မှာပဲ သင်္ဂြိုဟ်ခဲ့တယ်လို့ ဆိုပါတယ်။
ရဲအုပ် ပစ်ခတ်ခံရပြီးနောက်ပိုင်း အောင်မင်္ဂလာရပ်ကွက်၊ မကျည်းစုရပ်ကွက်နဲ့ မြကန်သာ ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ပိတ်ဆို့ စစ်ဆေးရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီပစ်ခတ်မှုကို ဝမ်းတွင်းမြို့နယ် တော်လှန်ရေးအင်အားစု (WTRF) က လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ရဲအုပ် စောနိုင်ဦးရဲ့ ခြောက်လုံးပြူး သေနတ်ကိုတော့ လုံခြုံရေးအခြေအနေအရ မယူနိုင်ခဲ့ဘူးလို့ WTRF ရဲ့ ပြန်ကြားရေးတာဝန်ခံ တစ်ဦးက RFA ကို ပြောပါတယ်။
အမှုသည်တွေကို အကြောင်းအမျိုးမျိုးပြပြီး ငွေတောင်းယူမှုတွေရှိတဲ့အပြင် နိုင်ငံရေးအမှုနဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေကိုလည်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေ လုပ်ခဲ့တာကြောင့် အခုလိုလုပ်ရတာလို့ WTRF ပြန်ကြားရေးတာဝန်ခံက ဆိုပါတယ်။
အခုလို ရှင်းလင်းနိုင်ခဲ့တာဟာ ဝမ်းတွင်းရဲစခန်းက အတွင်းလူတစ်ဦးရဲ့ ပူးပေါင်းပါဝင်မှု ကြောင့် လုပ်ဆောင်နိုင်ခဲ့တာလို့လည်း ဆက်ပြောပါတယ်။
WTRF ဘက်က ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ အသေးစိတ်အခြေအနေသိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်းပြောခွင့်ရ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ညနေပိုင်းအထိ အကြောင်းပြန်ဖြေဆိုတာ မရှိသေးပါဘူး။