ရပ်ဆိုင်းထားတဲ့ ရန်ကုန်မြို့သစ် စီမံကိန်း အကောင်ထည်ဖော်ရေး ဆန္ဒပြတောင်းဆို


2015-05-03
Share
ygn-new-city-plan-620.jpg ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ပေးဖို့ ၂ဝ၁၅ ခုနှစ် မေလ ၃ ရက်နေ့က တွံတေးမြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ်က ဒေသခံတွေ တွံတေးမြို့နယ် ခလောက်ချိုက်ကျေးရွာက လယ်ကွင်းမှာ ဆန္ဒပြတောင်းဆိုစဉ်။
Photo: Wai Mar Tun/ RFA

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယာယီရပ်ဆိုင်းထား တဲ့ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင် အထည် ဖော်ပေးဖို့ တွံတေး၊ ကြည့်မြင်တိုင်နဲ့ ဆိပ်ကြီး ခနောင်တို မြို့နယ်တို့က ဒေသခံ ၅၀၀ ကျော်က ဒီနေ့ တောင်းဆိုကြပါတယ်။

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မယ့် စီမံကိန်းမှာ တည်ဆောက်မယ့် တံတားတွေကို ဒေသ ခံတွေက လိုချင်တာဖြစ်တဲ့အတွက် ဒီကနေ့ တောင်း ဆိုပွဲကို တက်ရောက်တာဖြစ်ကြောင်း တွံတေးမြို့နယ် ကင်းရွာ ကျေးရွာသား ကိုဗဒင်က ပြောပါတယ်။

"ကျနော်တို့ အဓိကလိုချင်တာကတော့ တံတားပေါ့၊ အရင်တုန်းက တွံတေးမြို့ကို သွားမယ်ဆိုရင် တနေကုန်ခရီးကြာတယ်၊ ဒီလှိုင်သာယာ၊ တွံတေး တံတားကြီး ဖောက်လိုက်တော့ ကျနော်တို့ ၁ နာရီလောက်ဘဲ သွားရတယ်၊ အခု ကြည့်မြင်တိုင် ကနေ ကျနော်တို့ တွံတေးကို တံတားထိုးမယ်ဆိုတော့ အတိုင်းထက်အလွန်ဝမ်းသာ တယ်၊ ရန်ကုန်မြို့ကြီးကို လှိုင်သာယာ တံတားကသွားမယ်ဆို အချိန် ၂ နာရီလောက် ကြာတယ်၊ ဒီကနေ တည့်သွားမယ်ဆို ကြည့်မြင်တိုင်ကို ၁ နာရီတောင်မသွားရဘူး၊ အဲ့ဒါကြောင့် ကျနော်လိုချင်တာ တံတားပေါ့၊ ကျနော်တို့က တောင်းဆိုနေကြတာပါ"

ဒေသခံတွေဟာ လမ်းလျှောက်ဆန္ဒပြကြတာ မဟုတ်ဘဲ တွံတေးမြို့နယ် ခလောက်ချိုက် ကျေးရွာက လယ်ကွင်း အမှတ် ၁၅၃ မှာ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီတောင်းဆိုပွဲမှာ ဒေသခံတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒေသဖွံ့ဖြိုးရေး ကော်မတီဝင်တွေက စီမံကိန်း အကောင်အထည်ဖော် လိုက်မယ်ဆိုရင် လမ်းပန်း ဆက်သွယ်ရေး၊ ကျန်းမာရေး နဲ့ ပညာရေးကဏ္ဍတွေမှာ ဖွံ့ဖြိုးတိုးတက်လာ မှာ ဖြစ်ကြောင်း ဟောပြောခဲ့ကြပါတယ်။

ပြီးခဲ့တဲ့နှစ် သြဂုတ်လမှာ ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က ကြည့်မြင်တိုင် တစ်ဖက်ကမ်း မှာရှိတဲ့ မြေဧက ၃ သောင်း ကျော် မှာ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင် အထည် ဖော်မှာဖြစ်ကြောင်း လွှတ်တော်ထံ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီစီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် လုပ်ပိုင်ခွင့်ပေးထားတဲ့ မြို့သစ် စေတနာ အများပိုင်ကုမ္ပဏီနဲ့ ပတ်သက်ပြီး ကန့်ကွက်မှုတွေရှိခဲ့တာကြောင့် စီမံကိန်းကို ယာယီရပ်နားထားတာ ဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းကို ပြန် လည်အကောင်အထည် ဖော်ပေးဖို့အတွက် ဒေသခံတွေက အခုလိုတောင်းဆိုတာ လေးကြိမ်ရှိပြီဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့