စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ဗိုလ်ရုံရွာမှာ မတ်လ ၂၄ ရက် မနက်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲပြီး အမျိုးသမီးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က ရွာတွေကို စစ်ကြောင်းထိုးလာတာကြောင့် တိမ်းရှောင်ဖို့ ပြင်နေချိန်မှာ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာလို့ ဆိုပါတယ်။
ဒီပေါက်ကွဲမှုကြောင့် အမျိုးသမီးနှစ်ဦး နေရာမှာတင် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် (People's Defense Comrade) ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော်က RFA ကို ပြောပါတယ်။
“စစ်ကြောင်းက ဒီမနက် ဗိုလ်ရုံရွာဘက်ကို ကူးလာတော့။ ဒေသခံတွေ တိမ်းရှောင်ဖို့ လုပ်နေတဲ့အချိန်မှာ မြို့ပေါ်ကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ ပစ်တာပေါ့။ အဲမှာ ထိသွားတာပဲ။ အခုက ဗိုလ်ရုံရွာအပါအဝင် ရွာ တစ်ဆယ်ကျော်လောက် တိမ်းရှောင်နေရတယ်”
သေဆုံးသူတွေဟာ အသက် ၄၀ ကျော် ဒေါ်ကြူနဲ့ အသက် ၇၀ ကျော် ဒေါ်အုန်းရင်တို့ ဖြစ်ပါတယ်။
လက်ရှိမှာ ရေဦးမြို့နယ် မြောက်ဘက်ခြမ်းက ဗိုလ်ရုံရွာအပါဝင် ရွာပေါင်းတစ်ဆယ်ကျော်က ဒေသခံငါးထောင်ကျာ် အိုးအိမ်စွန့် ခွာထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။
RFA ရဲ့စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်အထိ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦးသေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။