ဒဂုံတက္ကသိုလ်ကျောင်းသား ကိုရဲလင်းဦး ထောင်ခုနစ်နှစ် ထပ်ချခံရ

ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်တစ်ဦးဖြစ်တဲ့ ကိုရဲလင်းဦးကို အင်းစိန်ထောင်တွင်း တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ -၅၂ (က) နဲ့ ဒီဇင်ဘာ ၁၅ ရက် မနေ့က ထောင်ဒဏ် ခုနစ်နှစ် ချမှတ်လိုက်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ထုတ်ပြန်လိုက်ပါတယ်။

ကိုရဲလင်းဦးဟာ အခုနှစ် မတ်လ ၁၀ ရက်နေ့ကလည်း ရာဇတ်သတ်ကြီးပုဒ်မ - ၅၀၅ (က) နဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရတာကြောင့် စုစုပေါင်း ထောင်ဒဏ် ၁၀ နှစ် ချထားတယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် တစ်ဦးက RFA ကို ပြောပါတယ်။

"ကိုရဲလင်းဦးက ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံထားရတာပေါ့၊ လောလောဆယ် တော့ ထပ်ရင်ဆိုင်စရာ ပုဒ်မတွေ မရှိတော့ပါဘူး၊ ကျောင်းသားလူငယ်တွေကို အပြစ်မရှိ၊ အပြစ်ရှာပြီး ထောင်နှစ်ရှည်တွေ ချမှတ်တယ်၊ သေဒဏ်တွေ ပေးနေပေမယ့်လည်း ကျောင်းသားလူငယ်တွေက လက်လျှော့မှာ မဟုတ်သလို၊ နောက်ဆုတ်မှာလည်း မဟုတ်ဘူး။ တော်လှန်ရေးကို ဒီထက်အရှိန်မြှင့်ပြီး လုပ်သွားမှာပါ"

၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၄ ရက်နေ့က ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်မှာ ကိုရဲလင်းဦး အပါအဝင် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ခြောက်ဦးကို အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားတယ်ဆိုပြီး ရဲနဲ့ စစ်တပ်က ဖမ်းဆီးသွားတာလို့ သူက ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ် ကိုရဲလင်းဦးဟာ စစ်တပ်အာဏာမသိမ်းခင်က ဒဂုံတက္ကသိုလ်မှာ ရှေးဟောင်းသုတေသန ဘာသာရပ်ကို တက်ရောက်သင်ယူနေပြီး အာဏာသိမ်းတဲ့နေ့က စလို့ ကျောင်းဆက်မတတ်ဘဲ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာပါ။

လက်ရှိမှာတော့ ကိုရဲလင်းဦးရဲ့ ကျန်းမာရေးအခြေအနေ ကောင်းမွန်ပေမယ့် ငယ်ငယ် ရွယ်ရွယ်နဲ့ ထောင် ၁၀ နှစ် ချမှတ်ခံထားရတဲ့ သားအတွက် မိဘတွေ စိတ်ထိခိုက်နေ ကြတယ်လို့ ကိုရဲလင်းဦးရဲ့ သူငယ်ချင်းဖြစ်သူ ကိုခန့်နိုင်က ပြောပါတယ်။

"သူ့မိဘတွေတော့ တော်တော်လေး ယူကျုံးမရ ဖြစ်နေကြတယ်။ တပ်ထားတဲ့ ပုဒ်မကို တွက်ပြီး ဒီလောက်နှစ် ကျမယ်ဆိုတာ ခန့်မှန်းထားပေမယ့် နောက်ထပ် ခုနစ်နှစ် ချမှတ်ခံထားရတော့ ဝမ်းနည်းကြတာပေါ့။ မိသားစုကတော့ သူ့ကို လိုအပ်တဲ့ ဆေးဝါးနဲ့ အစားအသောက်ကို ပုံမှန်ပို့ပေးနေပါတယ်"

အကျဉ်းထောင်အရာရှိတွေဟာ နိုင်ငံရေးအကျဉ်းသားတွေထဲကမှ တက်ကြွတဲ့ လူငယ် ကျောင်းသားတွေနဲ့ ကျောင်းသားသမဂ္ဂအဖွဲ့ဝင်တွေကို မိသားစုနဲ့ ဝေးလံပြီး နာမည်ဆိုးနဲ့ ကျော်တဲ့ အကျဉ်းထောင်တွေဆီ ပြောင်းရွှေ့တာ၊ ရိုက်နှက်ညှဉ်းပန်းတာတွေ လုပ်လေ့ရှိတာ ကြောင့် ကိုရဲလင်းဦးအတွက်လည်း မိဘတွေက အထူးစိုးရိမ်ပူပန်နေတယ်လို့ သူက ဆိုပါတယ်။

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ပြုစုထားတဲ့ အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းထားတဲ့ ၂၂ လအတွင်းမှာ သူတို့ သမဂ္ဂအဖွဲ့ဝင် ၄၀ နီးပါး ဖမ်းဆီးခံထားရ ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဒီဇင်ဘာ ၁၅ ရက် ထုတ်ပြန်ချက်အရ နိုင်ငံတစ်ဝန်းမှာ အရပ်သားပြည်သူ ၂,၆၀၄ ဦး သေဆုံးပြီး ၁၃, ၀၈၃ ဦး ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။