ရေစကြိုမှာ ပရဟိတအသင်းဥက္ကဋ္ဌ ဆရာတော်တစ်ပါး ပစ်သတ်ခံရ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ စည်သာရွာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၀ ရက်နေ့က မေတ္တာရှင် လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ တာဝန်ယူထားသူ ဆရာတော် ဦးအာစာရကို အမည်မသိ လက်နက်ကိုင်တွေက သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

သက်တော် (၄၂) နှစ်နဲ့ ဝါတော် (၂၃) ဝါရှိတဲ့ ဆရာတော် ဦးအာစာရဟာ နိုဝင်ဘာလ ၁၀ ရက်နေ့ မနက်ပိုင်း အသင်းရုံးမှာရှိနေချိန် သေနတ်နဲ့ပစ်ခတ်ခံလိုက်ရတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"ဆရာတော် အသတ်ခံလိုက်တာ ဟုတ်တယ်။ ရေစကြို အနောက်ဘက်အခြမ်းကပေါ့။ ဘယ်အဖွဲ့က သတ်သွားလဲဆိုတာ ခုထိတော့ မသိရသေးဘူး။ ထိတွေ့တိုက်ပွဲဖြစ်နေတဲ့ အနီးတစ်ဝိုက်မှာဆိုတော့ ပြောရခက်ပါတယ်"

စစ်ကောင်စီဘက်ကတော့ ဆရာတော် ဦးအာစာရကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေက ပစ်သတ်ခဲ့တာလို့ နိုဝင်ဘာလ ၁၂ ရက်မနေ့က သတင်းထုတ်ပြန်ခဲ့ပေမယ့် RFA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

အဲဒီဆရာတော်ဟာ မန္တလေးတိုင်း၊ မြင်းခြံမြို့မှာရှိတဲ့ ဇေယျသိမ်ကျောင်းတိုက်က ဆရာတော်ဖြစ်ပြီး အသင်းရုံးကို လာရောက် သီတင်းသုံးနေချိန် ပစ်သတ်ခံလိုက်ရတာလို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်နဲ့ပတ်သက်လို့ ရေစကြိုမြို့နယ်ထဲက ဒေသကာကွယ်ရေး တပ်ဖွဲ့ ခေါင်းဆောင်တစ်ဦးကတော့ စစ်ကောင်စီဟာ အခုလိုစွပ်စွဲလေ့ရှိပြီး ဘယ်အဖွဲ့က လုပ်ဆောင်တာလဲဆိုတာ တိတိကျကျပြောဖို့ လိုတယ်လို့ RFA ကိုပြောပါတယ်။

လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP Myanmar) ရဲ့ အောက်တိုဘာ ၄ ရက် ထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းမှုအလွန် တိုက်ပွဲနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် သေဆုံးသူ ၁,၃၁၇ ဦးထက်မနည်း ရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။