မကွေးတိုင်း ရေစကြိုမြို့၊ အမှတ် ၈ ရပ်ကွက်ထဲ မတ်လ ၂၃ ရက် မနက် ၆ နာရီဝန်းကျင်က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့လို့ အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အသက် ၃၀ အရွယ် အမျိုးသားက နေရာမှာတင် သေဆုံးပြီး အမျိုးသမီးနှစ်ဦးကတော့ ဆေးရုံမှာ သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
"အမျိုးသားတစ်ဦးကတော့ နေရာမှာတင် ဦးခေါင်းပွင့်ထွက်ပြီး သေသွားတာ။ ကျန်အမျိုးသမီးနှစ်ဦးကျတော့ ဗိုက်တွေ ပွင့်ထွက်သွားတယ်။ အဲဒါဆေးရုံပို့တုန်း ဆေးရုံရောက်တာနဲ့ ဆုံးသွားတာ။ ဘုန်းကြီးတစ်ပါးကတော့ ခြေထောက်ပြတ်သွားတယ်။ နောက်ထပ် အမျိုးသမီးတစ်ဦးက ဆီးခုံထိမှန်ထားတယ်။ အခြေအနေ စိုးရိမ်ရတယ် "
နောက်ထပ် ဘုန်းကြီးတစ်ပါးနဲ့ အမျိုးသမီးတစ်ဦးလည်း ဒဏ်ရာရရှိခဲ့တယ်လို့ သူက ပြောပါတယ်။
ထိခိုက်သေဆုံးသူတွေရဲ့ အမည်နဲ့ အသေးစိတ်အချက်အလက်တွေကို မသိရသေးပါဘူး။
ရေစကြိုမြို့ပေါ် ကပ်ကျော်ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါနဲ့ပတ်သက်လို့ မကွေးတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးမျိုးမြင့်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် အရပ်သား ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။