စည်းကမ်းဖောက်ဖျက်တဲ့ ခရီးသည်တင်ယာဉ်လိုင်းတွေကို အရေးယူတဲ့ပြစ်ဒဏ် တိုးမြှင့်မည်


2016.10.28
bus-620.JPG ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ လိုင်းကားတချို့ကို တွေ့ရစဉ်
Photo: RFA

ရန်ကုန်တိုင်းဒေသကြီးအတွင်း စည်းကမ်းဖောက်ဖျက်တဲ့ ခရီးသည်တင်ယာဉ်တွေကို အရေးယူမယ့် ပြစ်မှုပြစ် ဒဏ်တွေကို တိုးမြှင့်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော် က ပြောပါတယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက တောင်ဒဂုံမြို့နယ်ကနေ ပြေးဆွဲနေတဲ့ ဘီအမ်ယာဉ်လိုင်းတွေရဲ့ ဥပဒေမဲ့ မောင်းနှင် မှုတွေကြောင့် အသက်သေဆုံးမှုတွေ၊ အများပြည်သူထိတ်လန့်မှုတွေ ဖြစ်ပေါ်နေတဲ့အတွက် ယာဉ်လိုင်းကို ပိတ်သိမ်းတဲ့အထိ အရေးယူဖို့ အပါအဝင် ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ဖို့ ရှိ မရှိ မေးမြန်းခဲ့ပါတယ်။

အဲဒီမေးခွန်းကို လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့တာဖြစ် ပါတယ်။

ပြစ်မှုဖြစ်ပွားထားတဲ့ ယာဉ်တွေကို ပြေးဆွဲခွင့် ပိတ်သိမ်းပြီး အရေးယူထားချိန်မှာ ပြစ်မှုဖြစ်ပွားခဲ့တဲ့ ယာဉ်လိုင်း မဟုတ်တဲ့ အခြားယာဉ်လိုင်းတွေမှာ နားလည်မှုယူပြီး ပြေးဆွဲနေတာမျိုး ပြုလုပ်နေကြတဲ့အတွက် စစ်ဆေး အရေးယူသွားမယ်လို့လည်း ဒေါ်နီလာကျော်က ပြောပါတယ်။

ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်ကို ဖြတ်သန်းပြေးဆွဲနေတဲ့ ဘီအမ် ယာဉ်လိုင်းတွေအနေနဲ့ အပြိုင်အဆိုင် မောင်းနှင် တာ၊ လိုင်စင်မရှိတဲ့ ယာဉ်မောင်းတွေ မောင်းနှင်နေတာနဲ့ ခရီးသည်တွေကို မချေမငံ ဆက်ဆံတာတွေရှိနေတယ် လို့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

မနေ့က သင်္ဃန်းကျွန်းမြို့နယ်မှာ ဒဂုံမြို့သစ်တောင်ပိုင်းကို ဖြတ်သန်းပြေးဆွဲနေတဲ့ ဘီအမ် ယာဉ်လိုင်းက ယာဉ်လုပ်သားတွေနဲ့ အခြား ယာဉ်လိုင်းက ယာဉ်မောင်းတွေ အုပ်စုလိုက် ရန်ဖြစ်ခဲ့ကြသလို ဒီကနေ့ မနက်မှာ လည်း ဒဂုံမြို့သစ်တောင်ပိုင်းကို ဖြတ်သန်းပြေးဆွဲနေတဲ့ ဘီအမ် ယာဉ်တစ်စီးရဲ့ အပြိုင်အဆိုင်မောင်းနှင်မှုကြောင့် ခရီးသည်တစ်ဦး သေဆုံးခဲ့ပါတယ်။

လက်ရှိ တောင်ဒဂုံမြို့နယ်ကနေ ပြေးဆွဲနေတဲ့ ဘီအမ် ယာဉ်လိုင်း ၄ လိုင်းနဲ့ အခြား ယာဉ်လိုင်း ၁၆ လိုင်းရှိပြီး ဘီအမ် ၁၄၆ စီး နဲ့ အခြားယာဉ် ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။