ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူစာရင်း စတင်ကောက်ယူနေ

ရန်ကုန်တိုင်း မြို့နယ်အားလုံးမှာ ပြီးခဲ့တဲ့အပတ်ကစတင်ပြီး ပြည်သူစစ်မှုထမ်းဥပဒေနဲ့ အကျုံးဝင်သူစာရင်းကို ရပ်ကွက်အလိုက် လိုက်လံကောက်ယူနေတယ်လို့ ရန်ကုန်မြို့ခံတွေက RFA ကို ဒီနေ့ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း သန်လျင်၊ ခရမ်း၊ ကျောက်တန်း၊ မင်္ဂလာဒုံ၊ လှိုင်သာယာ၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) နဲ့ (မြောက်ပိုင်း) မြို့နယ်တွေအပါအဝင် မြို့နယ်အားလုံးမှာ စာရင်းကောက်ယူနေတာလို့ဆိုပါတယ်။

ပြည်သူ့လုံခြုံရေးအတွက်ဆိုပြီး စာရင်းလိုက်လံကောက်ယူနေတာလို့ သန်လျင်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။

“တစ်အိမ်တက် တစ်အိမ်ဆင်း ကောက်တာ။ အသက် ၁၈ နှစ်က ၃၅ နှစ်အတွင်းဆိုတဲ့ စာရွက်တစ်ရွက်ပါတယ်။ ဘာလုပ်ဖို့လဲဆိုတော့ ပြည်သူ့လုံခြုံရေးအတွက် စာရင်းကောက်တာလို့ ပြောသွားတယ်”

ဒဂုံမြို့သစ် (အရှေ့ပိုင်း) နဲ့ (မြောက်ပိုင်း) မြို့နယ်တွေမှာလည်း အခုလိုစာရင်း လိုက်လံကောက်ယူနေတယ်လို့ ရပ်ကွက်နေပြည်သူတစ်ဦးက ပြောပါတယ်။

မင်္ဂလာဒုံမြို့နယ်မှာလည်း လူစာရင်းလိုက်ကောက်သွားပြီလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေပြည်သူတစ်ဦးက RFA ကို ပြောပါတယ်။

“ရပ်ကွက်ထဲမှာလည်း ကောက်ပြီးပါပြီ။ အိမ်ရှင်တွေကိုပဲ စာရင်းကောက်သွားတာပါ။ အိမ်ငှားတွေကိုတော့ မကောက်ပါဘူး”

စစ်မှုမထမ်းမနေရဥပဒေနဲ့ ဆင့်ခေါ်ခံရမယ့်သူတွေကိုထားဖို့ သင်တန်းကျောင်းတွေ အဆင်သင့်ဖြစ်နေပြီလို့ စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက နိုင်ငံပိုင်မီဒီယာတွေကနေတစ်ဆင့် မတ်လ ၄ ရက်နေ့က ပြောဆိုထားပါတယ်။

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလအစောပိုင်းမှာ ပြဋ္ဌာန်းလိုက်တဲ့ စစ်မှုမထမ်းမနေရဥပဒေအရ ဧပြီလကစပြီး လူငါးထောင်တစ်သုတ်စီ ခေါ်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။

ရန်ကုန်မြို့မှာ စစ်မှုထမ်းဖို့အတွက် တစ်အိမ်တက် တစ်အိမ်ဆင်း စာရင်းကောက်နေတယ်ဆိုတဲ့ သတင်းဟာ ကောလာဟလသတင်းမှားဖြစ်တယ်လို့ စစ်တပ်ရဲ့ ဝါဒဖြန့်ချိရေးတစ်ခုဖြစ်တဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က မနေ့က မတ်လ ၁၁ ရက်နေ့စွဲ့နဲ့ ဖော်ပြထားပါတယ်။