ရန်ကုန်-မော်လမြိုင်-ဘားအံ ကားလမ်း သုံးရက်ဆက်တိုက်ပိတ်ဆို့နေ

RFA Burmese
2024.05.14
ရန်ကုန်-မော်လမြိုင်-ဘားအံ ကားလမ်း သုံးရက်ဆက်တိုက်ပိတ်ဆို့နေ ရန်ကုန်-မော်လမြိုင်-ဘားအံ တောလမ်းတစ်နေရာတွင် ယာဉ်ကြောပိတ်ဆို့နေသည်ကို ၂၀၂၄ ခုနှစ် မေလ ၁၄ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ရန်ကုန်ကနေ မော်လမြိုင်နဲ့ ဘားအံဘက်ကိုသွားရင် အဓိကအားထားနေရတဲ့ ဘီးလင်းမြို့ဝင် ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ကားလမ်းတွေ ပိတ်ဆို့နေတယ်လို့ ကြုံတွေ့ခဲ့သူတွေက RFA ကိုပြောပါတယ်။

ကျုံအိတ်တံတားလုံးဝ ကျိုးပျက်သွားတာကြောင့် တံတားကိုရှောင်သွားတဲ့ တောလမ်းတွေကို သုံးနေရပြီး၊ အဲဒီတောလမ်းထဲမှာလည်း အိမ်စီးကားတွေရော ကုန်တင်ကားတွေရော ပိတ်ဆို့နေတယ်လို့ မေလ ၁၄ ရက် ဒီနေ့ခရီးသွားခဲ့သူတွေက ပြောပါတယ်။

ရန်ကုန်ကနေ မော်လမြိုင်ကို အရင်က လေးနာရီကျော်လောက်ပဲသွားရပေမဲ့ အခု ရှစ်နာရီကျော်သွားနေရပြီး၊ ရန်ကုန်ကနေ ဘားအံကို အရင်က ခြောက်နာရီကျော် သွားရတဲ့ခရီးကလည်း အခု ကိုးနာရီကျော်ကြာတယ်လို့ ဆိုပါတယ်။

ဘားအံကိုသွားခဲ့တဲ့ ယာဉ်မောင်းတစ်ဦးက "ရွာလမ်းကနေ ပတ်မောင်းနေရတာ၊ လမ်းကကျဉ်းပြီး လမ်းနဲ့ကားနဲ့ မမျှဖြစ်နေတယ်။ တချို့နေရာတွေမှာ ကားတစ်စီးစာပဲရှိတော့ တစ်စီးနဲ့ တစ်စီး သူ့အလှည့် ကိုယ့်အလှည့်ဆိုပြီး သွားရတယ်။ ကုန်စည်စီးဆင်းဖို့က ဒီတစ်လမ်းပဲရှိတော့ အကုန်လုံးဒီလမ်းကို လုသွားနေရတယ်" လို့ RFA ကို Yပြောပါတယ်။

ဘီးလင်းမြို့ဝင်က ကျုံအိတ်တံတားကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက ပြီးခဲ့တဲ့ မေလ ၁၁ ရက်နေ့မှာ မိုင်းခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီဘက်က ဒီလမ်းကိုသုံးပြီး စစ်အင်အား လက်နက်နဲ့ ရိက္ခာပို့ဆောင်နေတာကြောင့် မိုင်းခွဲဖြတ်တောက်ခဲ့တာလို့ KNLA နဲ့ပူးပေါင်းတပ်တွေဘက်ကပြောထားပါတယ်။

တံတားကိုရှောင်ကွင်းသွားလို့ရတဲ့ ကျေးရွာချင်းဆက်လမ်းကို KLNA ဘက်က ပြန်ဖွင့်ပေးခဲ့ပေမဲ့ လမ်းကျဉ်းနေတဲ့အတွက် ယာဉ်အစီးရေနဲ့မမျှဘဲ သုံးရက်ဆက်တိုက် ပိတ်မိနေတာဖြစ်ပါတယ်။

စစ်ကောင်စီ မွန်ပြည်နယ် ပြောခွင့်ရသူ ဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကတော့ အဲဒီနေရာမှာ နယ်မြေလုံခြုံရေးဆောင်ရွက်ပြီးတာနဲ့ တံတားပြန်ဆောက်ပေးမယ်လို့ ပြောထားပါတယ်။
လတ်တလော အဲဒီလမ်းမှာ တိုက်ပွဲဖြစ်သံတွေလည်းကြားနေရတယ်လို့ ခရီးသည်တွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။