ရန်ကုန်က မြို့ပြပြောက်ကျားအဖွဲ့ဝင် ကိုးဦးဖမ်းခံရ
2022.12.02
ရန်ကုန်မြို့ပေါ်မှာ အာဏာရှင်ဆန့်ကျင်ရေး လက်နက်ကိုင် လှုပ်ရှားနေတဲ့ မြို့ပြ ပြောက်ကျားအဖွဲ့ဝင် လူငယ်ကိုးဦးကို ဖမ်းဆီးခဲ့တယ်လို့ စစ်ကောင်စီက ဒီဇင်ဘာလ ၁ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီထဲက လေးဦးဟာ Anti-Coup Pepole’s Liberation Force – ACPLF အဖွဲ့ကဖြစ်ပြီး နောက်ထပ် ငါးဦးကတော့ Anonymous Fighter Force - AFF အဖွဲ့က ဖြစ်တယ်လို့ စစ်ကောင်စီက ဖော်ပြပါတယ်။
ACPLF အဖွဲ့ဝင် ကိုဝေယံကောင်းထက်ကို နိုဝင်ဘာလ ၂၆ ရက်နေ့က မြောက်ဥက္ကလာပ မြို့နယ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးပြီးနောက် နောက်တစ်ရက်မှာပဲ ကိုဖြိုးသွေးအောင်၊ ကိုနိုင်လင်းဇော်နဲ့ ကိုဉာဏ်ဝင်းလှိုင်တို့ကိုလည်း ဆက်လက်ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၃၀ ရက်မှာတော့ AFF အဖွဲ့က ကိုသက်ဇော်အောင်၊ ကိုသိန်းကျော်စွာ၊ ကိုမျိုးမင်းဟိန်း၊ ကိုအာကာမင်းသိန်း၊ ကိုညီမင်းထွန်းတို့ကို ဆက်လက်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။
ဒီကိုးဦးဟာ သာကေတမြို့နယ်က ကမ္ဘောဇဘဏ်ကို ဓားမြတိုက်ဖို့ စီစဉ်နေတာလို့ စစ်ကောင်စီက စွပ်စွဲထားပြီး ACPLF အဖွဲ့ကတော့ မဟုတ်မမှန်စွပ်စွဲတာလို့ ဒီဇင်ဘာလ ၂ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့က အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေတဲ့ လူငယ်တစ်ဦးကတော့ ဖမ်းဆီးခံရသူတွေနဲ့ အဖွဲ့အစည်းတွေကို စစ်ကောင်စီက ပုံဖျက်ဖို့ကြိုးစားနေတာလို့ ဝေဖန်ပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ အဖွဲ့ဝင်တွေနဲ့ အာဏာရှင်ဆန့်ကျင်ရေးအင်အားစုတွေအတွက် ဝမ်းနည်းကြောင်းလည်း ACPLF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီဇင်ဘာလ ၁ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးအရ ဖမ်းဆီးခံထားရသူ တစ်သောင်းသုံးထောင်ကျော် (၁၃,၀၁၇ ဦး) ထိရှိနေပါတယ်။