ကုလသမဂ္ဂမှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ခန့်ဖို့ မြို့နယ်ကိုးခုမှာ ဆန္ဒပြ
သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ခန့်ဖို့ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်းနဲ့ ကချင်ပြည်နယ်က မြို့နယ်ကိုးခုမှာ စက်တင်ဘာ ၁၇ ရက် ဒီကနေ့ ဆန္ဒပြတောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်၊ ယင်းမာပင်မြို့နယ်၊ ဆားလင်းကြီးမြို့နယ်၊ ကလေးမြို့နယ်၊ ဒီပဲယင်းမြို့နယ်၊ မုံရွာမြို့နယ်၊ ပဲခူးတိုင်း ပေါင်းတည်မြို့နယ်၊ ကချင်ပြည်နယ် ဖားကန့်မြို့နယ် နဲ့ ရန်ကုန်မြို့ပေါ်တွေမှာ ဒေသခံတွေက ဆန္ဒပြခဲ့တာပါ။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံ ကိုယ်စားပြုမယ့်သူကို ရွေးချယ်ဖို့ ရှိနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ စစ်ကောင်စီတို့က ကိုယ်စားပြုခွင့်ရဖို့ အပြိုင် ကြိုးပမ်းနေတာပါ။
NUG ကိုယ်စားလှယ်ဖြစ်တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်ပြီးခန့်ထားနိုင်မယ် ဆိုရင် ပြည်သူတွေကို ကိုယ်စားပြုပြီး စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကုလသမဂ္ဂမှာ တင်ပြနိုင်မှာ ဖြစ်တယ်လို့ စစ်အာဏာသိမ်းမှုကို ဆန္ဒပြနေတဲ့ ရန်ကုန်မြို့ သပိတ်ကော်မတီဝင် တစ်ဦးက ပြောပါတယ်။
သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ခန့်အပ်ရေးနဲ့ ပတ်သက်လို့ စက်တင်ဘာလ ၄ ရက်နေ့ကစပြီး ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့တာပါ။
စစ်ကောင်စီဥက္ကဋ္ဌ ကတော့ မြန်မာနိုင်ငံ ရဲ့ကိုယ်စားလှယ်ခန့်အပ်ရေးဟာ ကုလသမဂ္ဂနဲ့ မြန်မာအကြား ပူးပေါင်းဆောင်ရွက်မှု နယ်ပယ်မှာ ပထမဆုံးဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက် က ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပါတယ်။