ယင်းမာပင် ရင်ပေါင်တိုင်ရွာမှာ လက်နက်ကြီးကြောင့် ကလေးနှစ်ဦး သေဆုံး

စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ စစ်ကိုင်းတိုင်း ယင်းမာပင် မြို့နယ် ရင်ပေါင်တိုင်ရွာမှာ ဒီဇင်ဘာလ ၁၆ ရက် ဒီနေ့မနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်ခုကို ကိုင်မိရာကနေ ကလေးနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးတဲ့သူတွေက အသက်ငါးနှစ်အရွယ် မောင်ထက်ဘုန်းနိုင်နဲ့ ခုနစ်လသားအရွယ် မောင်ဟိန်းသူရကျော်တို့ဖြစ်တယ်လို့ ဆိုပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့စဉ်က ကျန်နေတဲ့ မပေါက်ကွဲသေးတဲ့ လက်နက်ကြီး ကျည်ကို ကိုင်မိရာကနေ ပေါက်ကွဲပြီး အသက်ဆုံးရှုံးရတာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ရွာကို ရဟတ်ယာဉ်တွေနဲ့ လာပစ်တာက နှစ်ကြိမ်ရှိတယ်။ အခုလက်နက်ကြီး အကြွင်းအကျန်တာ သြဂုတ်လတုန်းက ရွာမှာ ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တုန်းက ကျန်နေတဲ့ လက်နက်ကြီးကြောင့်ဖြစ်တာ။ ငါးနှစ်အရွယ်ကလေးက သွားကိုင်တဲ့အချိန် ပေါက်ကွဲ သွားတာပေါ့။ အဲဒါ ခုနစ်လအရွယ် ကလေးကလည်း ဘေးမှာရှိနေတာ”

ရင်ပေါင်တိုင်ရွာကို စစ်ကောင်စီတပ်က ဩဂုတ်လ ၁၁ ရက် နေ့ကနေ ၁၄ ရက်နေ့အထိ သုံးရက်ကြာ မြေပြင်ရော၊ ဝေဟင်ကပါ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အဲဒီတုန်းက အသက် ၁၀ နှစ်ကနေ ၈၅ နှစ်ရွယ်ထိ အရပ်သား ၁၉ ဦး သေဆုံးခဲ့ပါတယ်။

RFA က ပြုစုထားတဲ့စာရင်းတွေအရ အောက်တိုဘာ ၁ ရက်ကနေ နိုဝင်ဘာ ၃၀ ရက် အထိ နှစ်လအတွင်း နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်း ပေါက်ကွဲမှုတွေကြောင့် အရပ်သား ၁၀၅ ဦး သေဆုံး ခဲ့ပြီး ၂၆၃ ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ သေဆုံးသူတွေမှာ ကလေး ၁၅ ဦးနဲ့ ဒဏ်ရာရသူတွေထဲ မှာ ကလေး ၄၇ ဦး ပါဝင်ပါတယ်။