ကျိုင်းတုံဆွေးနွေးပွဲ ရလဒ်မကောင်းရင် အန္တရာယ်ရှိတယ်လို့ ဦးဇော်ဌေး ပြော


2019.09.13
zawhtay-622.jpg နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကို ၂ဝ၁၉ စက်တင်ဘာ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo: Thiha Tun/RFA

ကျိုင်းတုံမြို့မှာ လာမယ့် စက်တင်ဘာလ ၁၇ ရက်နေ့ ပြုလုပ်မယ့် မြောက်ပိုင်းအဖွဲ့တွေနဲ့ တွေ့ဆုံပွဲဟာ အရေးကြီးပြီး ရလဒ်မကောင်းရင် အန္တရာယ်ရှိတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်၊ သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဒီနေ့ ပြောလိုက်ပါတယ်။

ဒီညနေ သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးဇော်ဌေးက ကျိုင်းတုံဆွေးနွေးပွဲအပြင် ဘဏ်ကိစ္စ၊ နေပြည်တော်က ဗစ်တိုးရီးယားအမှုကိစ္စတွေနဲ့ ပတ်သက်ပြီးလည်း သတင်းထောက်တွေရဲ့ မေးမြန်းချက်တွေကို ဖြေကြားခဲ့တာပါ။

ကျိုင်းတုံဆွေးနွေးပွဲမှာ ထူးခြားတဲ့ရလဒ်ကောင်းတွေရဖို့ ကြိုးစားနေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်နယ်  လမ်းမပေါ်မှာ အရပ်သားတွေကို ခေါင်းဖြတ်သတ်တဲ့ လုပ်ရပ်အပေါ်မှာ လူမဆန် တဲ့ လုပ်ရပ်၊ အကြမ်းဖက်တဲ့လုပ်ရပ်အဖြစ်လည်း ဦးဇော်ဌေးက ပြစ်တင်ဝေဖန်သွားပါတယ်။ ရခိုင်ပြည်နယ်မှာ ပထမ ARSA ပေါ်လာတယ်-နောက်တော့ AA ပေါ်လာပြီး တိုက်ပွဲတွေဖြစ်လာတယ်လို့ ဦးဇော်ဌေးက ဆိုပါတယ်။

မိုင်းခွဲမှုတွေကြောင့် အပစ်မဲ့အရပ်သားတွေ သေကြေလာတဲ့အတွက် ရခိုင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးမှု လျော့ရဲလာတယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ ဒါ့ကြာင့်  ရခိုင်အမတ်တွေအနေနဲ့ ရခိုင်ပြည်နယ် စိုးမိုးရေးအတွက် ပူးပေါင်းဆောင်ရွက်ပါလို့ တိုက်တွန်းသွားပါတယ်။

AA-အဖွဲ့နဲ့လည်း Biateral အပစ်ရပ်စဲရေးကို လက်မှတ်ထိုးနိုင်အောင် ကြိုးစားနေတယ်လို့ ဦးဇော်က ဖြည့်စွက်ပြောကြားသွားပါတယ်။ အပစ်ရပ်ပြီးတဲ့အခါ IDP ၆ သောင်းကျော်နဲ့  နေရပ်စွန့်ခွာနေထိုင်ရတဲ့ ကမန်၊ မြို တိုင်းရင်းသားတွေရဲ့ အရေးကိစ္စတွေကို ကူညီဖြေရှင်းပေးမယ်လို့လည်း ဦးဇော်ဌေးက ရှင်းပြသွားပါတယ်။

လတ်တလော ကောလာဟလတွေထွက်နေတဲ့ ဘဏ်ကိစ္စအကြောင်း ပြောရာမှာတော့ ပုဂ္ဂလိကဘဏ်တွေနဲ့ လုပ်ငန်းရှင်တွေကြားပြဿနာကို ဗဟိုဘဏ်က စည်းမျဉ်းစည်းကမ်းတွေနဲ့ ဖြေရှင်းနေသလို အစိုးရကတော့ အုပ်ချုပ်ရေးပိုင်းကနေ နေ့စဉ်စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။

ဘဏ်တစ်ခုချင်းစီရဲ့ နေ့စဉ်ငွေသွင်းငွေထုတ်ကို ဗဟိုဘဏ်က သမ္မတရုံးထံ နေ့စဉ် တင်ပြအစီရင်ခံနေပြီး ဒေါ်လာဈေးအတက်အကျကိုလည်း သမ္မတရုံးကနေ နေ့စဉ် မျက်ခြေမပြတ် စောင့်ကြည့်နေတယ်လို့ ဆိုပါတယ်။ ပြည်သူတွေအနေနဲ့ ကောလာဟလကို မယုံကြည်ဖို့ မစိုးရိမ်ကြဖို့လည်း ဦးဇော်ဌေးက တိုက်တွန်းသွားပါတယ်။ အဲဒီနောက် BPI စက်ရုံဖြစ်စဉ်ကို ရှင်းလင်းရာမှာ၊  ဒေါက်တာအောင်ဇော်အပြင် ဦးဆောင်ညွန်ကြားရေး မှူး ဦးကိုကိုအောင်ကို ကြီးကြပ်ကွပ်ကွဲဖို့ ပျက်ကွက်တဲ့အတွက် စက်တင်ဘာ ၁၂ ရက်နေ့က  ရာထူးကနေ ဖယ်ရှားလိုက်တယ်လို့လည်း ဦးဇော်ဌေးက ဆက်လက်ရှင်းလင်းသွားပါတယ်။

နေပြည်တော်မှာစစ်ဆေးနေတဲ့ ဗစ်တိုးရီးယားကလေးငယ် ကိစ္စမှာတော့ အပြစ်ရှိသူဟာ အောင်ကြီးမဟုတ်ဘဲ တစ်ခြားသူတွေ ဖြစ်လာရင်လည်း ထိထိရောက်ရောက် အရေးယူသွားမယ့်အကြောင်း သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

(RFA သတင်းထောက် ကိုသီဟထွန်း ပေးပို့သည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။