ဇရပ်ကြီးမြို့ တလိုင်းအိုင်ရွာက ဒေသခံနှစ်ဆယ်ကို စစ်ကောင်စီတပ် ဖမ်းဆီးထား

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးမြို့၊ တလိုင်းအိုင်ရွာက ဒေသခံအယောက် နှစ်ဆယ်ခန့်ကို မတ်လ ၁၀ ရက်နေ့မှာ စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

အင်အား ငါးဆယ်ခန့်ပါတဲ့စစ်ကြောင်းဟာ ဇရပ်ကြီးမြို့နဲ့ ရှစ်မိုင်ခန့်ဝေးတဲ့ တလိုင်းအိုင်ရွာထဲကိုဝင်ရောက်လာပြီး အခုလိုဖမ်းဆီးထားတာလို့ ဆိုပါတယ်။

မတ်လ ၁၀ ရက်နေ့ မနက် ရှစ်နာရီကနေ ဒီနေ့အထိလည်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဇရပ်ကြီးဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

“အခုလည်းပစ်နေတယ်။ တလိုင်းအိုင်မှာ တိုက်ပွဲဖြစ်နေတယ်။ ရွာထဲက လူအယောက် နှစ်ဆယ်ကျော်ကို ဖမ်းထားတယ်။ သူတို့ စစ်ကြောင်းထိုးလာတာကို ပြေးမယ့်ဆဲဆဲမှာဖမ်းထားတာ။ ပေးမပြေးဘူး။ အခုထိလည်း ပြန်မလွှတ်သေးဘူး”

ဇရပ်ကြီးမြို့အခြေစိုက် ခလရ (၇၃) ဘက်ကလည်း အောင်သာယာရွာ၊ သက်ကယ်ကုန်းရွာစတဲ့ ရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ တစ်နေ့ကို ငါးကြိမ်ခန့် ပစ်ခတ်နေတယ်လို့ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ တိုင်းစီးပွားရေးရာဝန်ကြီး ဦးတင်ဦးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုခြင်းမရှိပါဘူး။

ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေ ဇရပ်ကြီးမြို့မှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေရဆဲဖြစ်တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေသူတွေက ပြောထားပါတယ်။