စစ်ကောင်စီနဲ့ တွေ့ဆုံဖို့ပြင်ဆင်နေခြင်း မရှိကြောင်း NUG ဝန်ကြီး တုံ့ပြန်

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က NUG အစိုးရအနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ Nikkei Asia သတင်းဌာနကို ပြောဆိုခဲ့ခြင်း မရှိကြောင်း သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကတစ်ဆင့် တုံ့ပြန်လိုက်ပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့မှာ Nikkei Asia သတင်းဌာနက ဖော်ပြခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်မှာ NUG အစိုးရက စစ်ကောင်စီနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေတယ်လို့ ဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောဆိုကြောင်း ဖော်ပြထားတာနဲ့ ပတ်သက်ပြီး အခုလိုတုံ့ပြန်တာဖြစ်ပါတယ်။

အဲဒီဆောင်းပါးမှာ ဒေါ်ဇင်မာအောင်က… NUG အစိုးရအနေနဲ့ ဆွေးနွေးဖို့အတွက်ဆိုရင် ကြိုတင်သတ်မှတ်ချက်တွေရှိကြောင်း၊ ဥပမာပြရမယ်ဆိုရင် အာဆီယံက ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ငါးချက်ကို စစ်ကောင်စီက လိုက်နာအကောင်အထည်ဖော်မှု ဆိုတာမျိုးဖြစ်ကြောင်း ပြောဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါနဲ့ပတ်သက်လို့လည်း ဒေါ်ဇင်မာအောင်က … ဒါဟာ အာဆီယံနဲ့ သံတမန်အသိုင်းအဝန်းက မေးမြန်းတဲ့အခါတွေမှာ ဖြေကြားလေ့ရှိတဲ့စကားသာဖြစ်ပြီး၊ အဲဒါဟာ စစ်ကောင်စီကို ဆက်သွယ်သတင်းစကားပါးတာ လုံးဝ မဟုတ်ကြောင်း၊ ဒါကြောင့် Nikkei Asia သတင်းဌာနရဲ့ ဖော်ပြချက်ဟာ အဓိပ္ပာယ်လွဲမှားကောက်ယူနိုင်စရာ အန္တရာယ်ဖြစ်ကြောင်း၊ သူ့ရဲ့ ရပ်တည်ချက်မဟုတ်ကြောင်းလည်း ဖေ့ဘွတ်စ်စာမျက်နှာမှာ ရေးသားထားပါတယ်။