စစ်ကောင်စီတပ်တိုက်ခိုက်လို့ စစ်ကိုင်းတိုင်းမှာ တစ်ရက်အတွင်း ဒေသခံ ၁၉ ဦးသေ၊ ၂၂ ဦးဒဏ်ရာရ

2022.09.17
စစ်ကောင်စီတပ်တိုက်ခိုက်လို့ စစ်ကိုင်းတိုင်းမှာ တစ်ရက်အတွင်း ဒေသခံ ၁၉ ဦးသေ၊ ၂၂ ဦးဒဏ်ရာရ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာအား စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရသည့် ကလေးငယ်၏ ရုပ်အလောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်
Photo: CJ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်နဲ့ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်တွေရဲ့တိုက်ခိုက် မှုကြောင့် စက်တင်ဘာလ ၁၆ ရက် မနေ့က တစ်ရက်တည်းမှာ ကလေးငယ် ခြောက်ဦး အပါအဝင် ဒေသခံ ၁၉ ဦး သေဆုံးပြီး ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာထဲကို စစ်ကောင်စီတပ်က မနေ့က ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် မဟာဓမ္မရံသီ ဘုန်းကြီးကျောင်းထဲမှာ ဖွင့်လှစ်ထားတဲ့ ကိုယ်ထူ ကိုယ်ထ အထက်တန်းကျောင်းက အသက် ၆ နှစ်အရွယ် မူလတန်း ကျောင်းသား လေးဦး သေဆုံးခဲ့ပါတယ်။

"သေဆုံးတဲ့ ရွာသားတွေနဲ့ ပတ်သက်လို့ စာရင်းနဲ့ နာမည်အတိအကျကို စိစစ်နေပါတယ်"

ဒါ့အပြင် လက်ယက်ကုန်းရွာထဲက အသက် ၁၃ နှစ်အရွယ် ကလေးငယ်နှစ်ဦးနဲ့ အသက် ၃၀ အရွယ် အရပ်သား သုံးဦးလည်း သေဆုံးခဲ့ပြီး စုစုပေါင်း ဒေသခံ ကိုးဦးသေဆုံးခဲ့တယ်လို့ ဒီပဲယင်းမြို့နယ် ဒေသခံ ကိုနွေဦးက RFA ကို ပြောပါတယ်။

"ဒေသခံက ငါးဦး၊ ကျောင်းသားက လေးဦး၊ ကိုးဦး အခုချိန်ထိ အတည်ပြုနိုင်တယ်၊ ကျောင်းသား တစ်ဦးကတော့ ဟိုဘက် (ဖမ်းခေါ်သွားတဲ့နေရာ) မှာ သွေးထွက်လွန်ပြီး ဆုံးတယ်လို့ ကြားတယ်၊ အတည်အပြုနိုင်သေးဘူး၊ ငါးဦး သင်္ဂြိုဟ်ပြီးပြီလို့ ကြားတယ်၊ တကယ်တမ်းက ကျောင်းသား လေးလောင်းပါသွားတာ၊ အဲဘုန်းကြီးကျောင်းထဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ထွက်သွားလာနေလို့ ဝင်ပစ်တာပါလို့ ပြောသွားတာ၊ ကလေးတွေက တုံးလုံးပက်လက်တွေရော၊ သွေးကွက်တွေရော၊ အရိုးစတွေရော၊ ကလေးငယ်တစ်ဦးက ဗိုက်ပွင့် ဒဏ်ရာနဲ့ ဆုံးတယ်၊ ကလေးတစ်ဦးကတော့ ရှောင်တိမ်း ရင်း သူ့လွယ်အိတ်ကျန်ခဲ့လို့ဆိုပြီး လွယ်အိတ်ကို ပြန်ယူတဲ့အခါမှာ လက်နက်ကြီးထိပြီး အဲဒီနေရာမှာ ပွဲချင်းပြီး ဆုံးသွားတယ်"

နေ့လယ် ၁၂နာရီမှာ စစ်ရဟတ်ယာဉ် လေးစင်း ပျံသန်းလာပြီး နှစ်စင်းနဲ့ အင်အား ၈၀ နီးပါး ရှိတဲ့ စစ်ကောင်စီတပ်သားတွေကို မြေပြင်ကို ချပေးနေချိန်၊ ကျန်နှစ်စင်းနဲ့ မိနစ်လေးဆယ် ကြာ လှည့်ပတ်ပစ်ခတ်ခဲ့တာလို့ သူက ပြောပါတယ်။ ဒီပစ်ခတ်မှုကြောင့် ဒေသခံ ကိုးဦး သေဆုံးတဲ့အပြင်၂၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အလုံး၂၀ နီးပါးလည်း ပျက်စီးခဲ့ တယ်လို့ ဆိုပါတယ်။

မဟာဓမ္မရံသီ ဘုန်းကြီးကျောင်းက ကိုယ်ထူကိုယ်ထ အထက်တန်းကျောင်းမှာ ကျောင်း သား၊ ကျောင်းသူ ၂၄၂ ဦး နဲ့ ဆရာ၊ ဆရာမ ၂၀ ဦးရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လေကြောင်းပစ်ခတ်မှုအပြီး စစ်ကောင်စီတပ်သားတွေက သေဆုံးသွားတဲ့ မူလတန်း ကျောင်းသားတွေအပြင် ဒဏ်ရာရထားတဲ့ ဆရာ၊ ဆရာမ သုံးဦး၊ ဒေသခံ လေးဦးနဲ့ အတန်း စုံက ကျောင်းသား၊ ကျောင်းသူတွေ အပါအဝင် စုစုပေါင်း ၂၀ ဦးကျော်ကို ဖမ်းဆီးခေါ် ဆောင်သွားတယ်လို့ ကိုနွေဦးက ပြောပါတယ်။ ဖမ်းဆီးခံရသူတွေကို စစ်ကောင်စီတပ်က ဘယ်ကိုခေါ်သွားလဲဆိုတာ လတ်တလော မသိရသေးသလို မနေ့က တိုက်ခိုက်မှုကြောင့် ဒေသခံ ၁၅၀၀ နီးပါးလည်း ထွက်ပြေးတိမ်းရှောင်နေတယ်လို့ ဆိုပါတယ်။

အလားတူပဲ အင်အား ၆၀ နီးပါးရှိတဲ့ စစ်ကောင်စီစစ်ကြောင်းက တန့်ဆည်မြို့နယ်၊ အုတ်ဖိုအိုင်ရွာထဲ မနေ့က စက်တင်ဘာ ၁၆ ရက်မှာ ဝင်ရောက်လာပြီး ပြည်သူ ၁၀ ဦးကို မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီးရှို့သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို တွေ့ရှိပေမယ့် ပျောက်ဆုံးနေတဲ့ ရွာသား တွေ အများအပြားရှိနေတာကြောင့် သေဆုံးသူတွေရဲ့အသေးစိတ်အချက်အလက်တွေကို အတည်မပြုနိုင်သေးဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တန့်ဆည်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"မနက်အစောကြီး ဖြစ်နေတဲ့အတွက် ရွာထဲမှာ ပိတ်မိနေတဲ့ ကျေးရွာပြည်သူ တချို့ရှိ နေတယ်၊ နေ့ခင်းပိုင်းလောက်မှာ ကျနော်တို့ ကျေးရွာထဲက နေအိမ်တချို့ကို မီးရှို့နေတာ အဝေးကနေ လှမ်းတွေ့ရတယ်၊ ညနေပိုင်းမှာ စစ်ကြောင်းက ထွက်သွားတယ်၊ ရွာထဲကို ဝင်ကြည့်တဲ့အချိန်မှာ နေအိမ်လေးလုံး မီးရှို့ခံရပြီး၊ အရပ်သား ပြည်သူ ရုပ်အလောင်း ၁၀ လောင်း မီးကျွမ်းလောင်နေတာ တွေ့ရတယ်၊ နောက်ထပ် ပြည်သူတချို့လည်း အဆက်အသွယ်မရဘဲ ပျောက်နေတဲ့အတွက် သူတို့ ဖမ်းခေါ်သွားတာတွေလည်း ရှိနေတယ်၊ သေဆုံးတဲ့ ရွာသားတွေနဲ့ ပတ်သက်လို့ စာရင်းနဲ့ နာမည်အတိအကျကို စိစစ်နေပါတယ်၊ ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းနေတုန်း ရှိနေသေးတယ်"

စစ်ကောင်စီတပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဒီပဲယင်းနဲ့ တန့်ဆည်မြို့နယ်တွေက ထိခိုက် သေဆုံးမှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမျိုး မရှိပါဘူး။

tabayin-airstrike.jpg
ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာအား စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် ပျက်စီးခဲ့သည့် မဟာဓမ္မရံသီ ဘုန်းကြီးကျောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ် (Photo: CJ)

စစ်ကောင်စီရဲ့အာဘော် နိုင်ငံပိုင်သတင်းစာတွေကတော့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်း ရွာနဲ့ တန့်ဆည်မြို့နယ် အုတ်ဖိုအိုင်ကျေးရွာတွေမှာ KIA နဲ့ PDF ကာကွယ်ရေးတပ်တွေ ရှိနေတယ်လို့ သတင်းရရှိတာကြောင့် အလစ်အငိုက် ဝင်တိုက်ခဲ့တာမှာ ဒေသခံတွေ သေဆုံး တာနဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီကနေ့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ် ရာရရှိသူတွေကို နီးစပ်ရာဆေးရုံတွေမှာ ဆေးကုသမှုပေးနိုင်ဖို့လည်း ကြိုးပမ်းနေတယ်လို့ ရေးသားထားပါတယ်။

ဒီတိုက်ခိုက်မှုအတွင်း အုတ်ဖိုအိုင်ရွာကနေ PDF တပ်ဖွဲ့ဝင် ခုနစ်ဦးရဲ့ ရုပ်အလောင်းနဲ့ လက်နက်ခဲယမ်းတချို့ သိမ်းဆည်းရခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့ အရပ်သား သေဆုံးမှုနဲ့ ဒဏ်ရာရရှိမှု အသေးစိတ်ကိုတော့ ရေးသားဖော်ပြတာ မရှိပါဘူး။

ဒေသခံတွေကတော့ စစ်ကောင်စီထုတ်ပြန်ထားသလို အဲဒီရွာတွေအနီး တိုက်ပွဲဖြစ်တာ မရှိသလို သေဆုံးသူတွေဟာ အရပ်သားတွေဖြစ်တယ်လို့ ပြောပါတယ်။

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က စစ်ကောင်စီတပ်တွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေမလုပ်ဖို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန်မှာ ပြောဆိုခဲ့ပေ မယ့် စစ်ကောင်စီဥက္ကဋ္ဌက ပယ်ချခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေ ကြောင့် အရပ်သား ၂၂၆၁ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၁၆ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။