AA သိမ်းယူထားတဲ့မြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်နေ

ရက္ခိုင့်တပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော စတဲ့မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေ ဆက်တိုက်လုပ်နေတာကြောင့် အရပ်သား သေဆုံးထိခိုက်မှု၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ ပိုများလာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

RFA ပြုစုထားတဲ့စာရင်းအရ မတ်လ ၁ ရက်ကနေ ၁၈ ရက်နေ့အတွင်း အဲဒီမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား ၇၃ ဦး သေဆုံးပြီး၊ ၁၀၃ ဦး ဒဏ်ရာရခဲ့ပါတယ်။

ရခိုင်ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေရှိတဲ့ မြောက်ဦးမြို့ကို စစ်ကောင်စီတပ်က မတ်လ ၁၅ ရက်နေ့မှာ တစ်ကြိမ်၊ မတ်လ ၁၇ ရက်နေ့မှာ တစ်ကြိမ် တိုက်ခိုက်ရေးလေယာဥ်နဲ့ ဗုံးကြဲတာ၊ ဒရုန်းနဲ့ ဗုံးချ တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"လေယာဥ်လာရင်တော့ ကြောက်နေရပါတယ်။ ညဘက်ကျရင်လည်း စိုးရိမ်စိတ်နဲ့ စိတ်ချလက်ချ ညအိပ်မပျော်ဘူး"

အဲဒီတိုက်ခိုက်မှုကြောင့် မြောက်ဦးမြို့မှာ နှစ်ရက်အတွင်း အရပ်သား သုံးဦး သေဆုံးပြီး၊ ရှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က စစ်ရေးရှုံးနိမ့်လာတဲ့အတွက် အခုလို လူနေရပ်ကွက်နဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်နေတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဦးမြို့ခံတစ်ဦးက RFA ကို ပြောပါတယ်။

"စစ်ကောင်စီက လေယာဥ်နဲ့ လာပစ်တယ်။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားဘက်မှာ သူတို့တပ်သားတွေ ဆုံးရှုံးထားရတာတွေလည်း ရှိတယ်ဆိုတော့ အဲဒီအငြိုးကြောင့် လေယာဥ်နဲ့ လာပစ်တယ်လို့ ထင်တယ်။ နောက် တစ်ခုက ရခိုင်ပြည်သူတွေကို သီးသန့် ဒုက္ခပေးချင်တယ်"

လက်ရှိ လေကြောင်းဒဏ်ကို အဓိကခံနေရတာက မြောက်ဦးနဲ့ မင်းပြားဖြစ်ပြီး စစ်ကောင်စီတပ်က လေကြောင်းကနေ နေ့တိုင်းလာရောက်ပစ်ခတ်နေတယ်လို့ ရခိုင်လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများအဖွဲ့က ညွှန်ကြားရေးမှူး ဦးမြတ်ထွန်း က ပြောပါတယ်။

“ကျေးရွာတွေကို လာပြီးတော့ ဗုံးကြဲတိုက်ခိုက်တာကတော့ ဒါလူမဆန်တဲ့လုပ်ရပ်လို့ ပြောချင်ပါတယ်။ ကျွန်တော်တို့ များသောအားဖြင့် အဓိကခံနေရတဲ့ မြို့ကတော့ ကျွန်တော်တို့ မြောက်ဦးနဲ့ မင်းပြား။ နေ့တိုင်း ဆိုသလို ဆက်တိုက်လာပြီးတော့ ပစ်တယ်။ စာသင်ကျောင်းတွေ ပျက်စီးတယ်။ အိုးအိမ်တွေ အကုန်လုံး ပြိုပျက်သွားတယ်။ နောက်တစ်ခါ ပြင်းအားမြင့်တဲ့ ကလပ်စတာဗုံးတွေနဲ့ လာပစ်တယ်။ နောက်ပြီးတော့ ပေါင် ငါးရာဗုံးတွေနဲ့ လာပစ်တယ်။ လူတွေ သေကြေပျက်စီးတယ်။ ဒီလိုလုပ်ရပ်ကတော့ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်တာလို့ ပြောချင်တယ်”

မြေပုံမြို့နယ်မှာလည်း စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံတွေရဲ့ နေအိမ်တွေနဲ့ စာသင်ကျောင်းတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကျောက်တော်မြို့ပေါ်နဲ့ ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒီနေ့အထိ စိုးရိမ်ထိတ်လန့်နေရတယ်လို့ ကျောက်တော်မြို့ခံ အမျိုးသမီးတစ်ဦးက RFA ကို ပြောပါတယ်။

"လေယာဥ်လာရင်တော့ ကြောက်နေရပါတယ်။ ညဘက်ကျရင်လည်း စိုးရိမ်စိတ်နဲ့ စိတ်ချလက်ချ ညအိပ်မပျော်ဘူး။ နေရာတကာမှာ ဗုံးကြဲချ သေနေတာ။ လေယာဥ်နဲ့ပဲ ပစ်တာဆိုတော့ ကြောက်လန့်မိတာအမှန်ပဲ။ တိုက်ပွဲမရှိတဲ့နေရာတွေကိုလည်း အချိန်မရွေး လေယာဥ်နဲ့လာပစ်တာဆိုတာ့ စိုးရိမ်ထိတ်လန့်မိတယ်"

စစ်ကောင်စီတပ်ဟာ ရေလမ်း၊ ကုန်းလမ်း တိုက်ခိုက်မှုတွေမှာ ရှုံးနိမ့်လာတဲ့အတွက် လေကြောင်းကနေ အင်အားသုံး တိုက်နေတာလို့ ရက္ခိုင့်တပ်တော် AA က မကြာခဏ ထုတ်ပြန်ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ပျက်စီးခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: AA Info Desk)
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အဆောက်အအုံတချို့ ပျက်စီးခဲ့သည်ကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့က တွေ့ရစဉ်။ (Photo: AA Info Desk)

ဒေသခံတွေရဲ့ ပြောဆိုချက်၊ AA အဖွဲ့ရဲ့ ထုတ်ပြန်ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်း ကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ချင်းပြည်နယ်က ပလက်ဝမြို့နဲ့အတူ စစ်ကောင်စီရဲ့ တပ်ရင်း (၁၁) ရင်းကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းယူထားကြောင်း ရက္ခိုင့်တပ်တော် (AA) ပါဝင်တဲ့ မြောက်ပိုင်းညီနောင် သုံးဖွဲ့က ဖေဖော်ဝါရီလ ၈ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်ကနေ စတင်ခဲ့တဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေနဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် လူဦးရေ သုံးသိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က မတ်လ ၁၄ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

(UN OCHA) ရဲ့ မတ်လ ၂၀ ရက်ထုတ်ပြန်ချက်မှာတော့ ရခိုင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး၊ စုစုပေါင်း မြို့နယ် ၁၇ မြို့နယ်အနက် ၁၅ မြို့နယ်ဟာ တိုက်ပွဲဒဏ်ခံနေရတယ်လို့ ဖော်ပြထားပါတယ်။

လူနေရပ်ကွက်တွေအပါအဝင် နေရာအများအပြားကို လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေရဲ့ အသက်ဘေးအန္တရာယ်ဟာ ဆိုးဆိုးရွားရွား ခြိမ်းခြောက်ခံနေရပြီး ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတစ်ဝန်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူ နှစ်သန်း ရှစ်သိန်းကျော် ရှိနေပြီလို့ ဖော်ပြထားပါတယ်။