ရခိုင်တောင်ပိုင်းဒေသ ရမ်းဗြဲမြို့ကို AA သိမ်းပိုက်

ရခိုင်ပြည်နယ်တောင်ပိုင်း ရမ်းဗြဲမြို့ က စစ်ကောင်စီတပ်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၈ ရက်နေ့က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အချိန်သုံးလနီးပါးအကြာ မတ်လ ၁၁ ရက်နေ့က အပြီးသိမ်းပိုက်လိုက်တယ် လို့ ရက္ခိုင့်တပ်တော်(AA) က ကြေညာပါတယ်။

စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး နေ့စဉ် ဗုံးကြဲတိုက်ခိုက်ခုခံခဲ့ပေမယ့် နောက်ဆုံးမှာ ရက္ခိုင့်တပ်တော် (AA) က အနိုင်ရရှိခဲ့တာလို့ ဆိုပါတယ်။

မြို့တွင်းထဲမှာ ကျန်နေတဲ့ လက်ကျန်မိုင်းတွေကို ရှင်းလင်းဖို့လိုသေးတာကြောင့် မြို့ကိုစွန့်ပြီး ထွက်ပြေးနေတဲ့ ဒေသခံတွေအနေနဲ့ ချက်ချင်း ကိုယ့်အိမ်ကိုယ် ပြန်မလာကြဖို့လည်း AA က သတိပေးထားပါတယ်။

ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က မတ် ၁၁ ရက်နေ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် သက်ကြီးပိုင်းတစ်ဦး ဒဏ်ရာရသွားခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရမ်းဗြဲဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့က ရမ်းဗြဲကို သိမ်းလိုက်တာနဲ့ မနက် ၁၁ နာရီလောက်မှာ လေးတောင်မြို့ကို စစ်ကောင်စီတပ်က လာပစ်တယ်။ ဒေသခံ သက်ကြီးပိုင်းတစ်ယောက် ဒဏ်ရာရသွားတယ်။ လေယာဉ်နဲ့ လာပြီးတော့ ပစ်တာပေါ့နော်။ နေဗီကလည်း ပစ်တာရှိတယ်။ အများအားဖြင့်တော့ နေဗီနဲ့ လေယာဉ်တွေက လာပစ်တယ်"

ရမ်းဗြဲမြို့ကို ရက္ခိုင့်တပ်တော်(AA) စတင်ထိုးစစ်ဆင်ချိန်ကတည်းက လူပေါင်းတစ်သောင်းကျော်ရှိတဲ့ မြို့ခံတွေအားလုံး ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့နယ်ဆေးရုံ အပါအဝင် နေအိမ်အဆောက်အအုံ နှစ်ရာကျော် ပျက်စီးသွားတယ်လို့လည်း ဆိုပါတယ်။

"မနေ့က ရမ်းဗြဲကို သိမ်းလိုက်တာနဲ့ မနက် ၁၁ နာရီလောက်မှာ လေးတောင်မြို့ကို စစ်ကောင်စီတပ်က လာပစ်တယ်။ ဒေသခံ သက်ကြီးပိုင်းတစ်ယောက် ဒဏ်ရာရသွားတယ်"

လက်ရှိမှာတော့ ရမ်းဗြဲမြို့ကို AA က သိမ်းပိုက်လိုက်ပြီဆိုပေမယ့် စစ်ကောင်စီရဲ့ ရေကြောင်းနဲ့ လေကြောင်းအန္တရာယ် ရှိနေသေးတာကြောင့် ဒေသခံတွေကတော့ စိုးရိမ်နေကြရဆဲ ဖြစ်ပါတယ်။

ရမ်းဗြဲမြို့ဟာ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသမှာ AA အဖွဲ့က ပထမဆုံးသိမ်းပိုက်တဲ့မြို့ဖြစ်ပြီး အဲဒီ ရမ်းဗြဲမြို့နဲ့ နယ်နိမိတ်ချင်းထိစပ်နေတာက တရုတ်စီမံကိန်းတွေ အဓိကတည်ရှိတဲ့ ကျောက်ဖြူမြို့နယ် ဖြစ်ပါတယ်။

ရခိုင်ဝါရင့် နိုင်ငံရေးသမား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကတော့ ရမ်းဗြဲမြို့ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ကျောက်ဖြူမြို့နယ်အတွင်းမှာလည်း AA အဖွဲ့ရဲ့ ထိုးစစ်တွေ ဆက်လက်ပြင်းထန်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။

"မအီမြို့ကိုလည်း သိမ်းလိုက်ပြီ။ ရမ်းဗြဲမြို့နယ်ကိုလည်း သိမ်းလိုက်ပြီဆိုတော့ ကျောက်ဖြူက တပ်ရင်း၊ တပ်ဖွဲ့တွေက လှောင်ပိတ်ပြီးကျန်ခဲ့တယ်ပေါ့။ ဒါပေမဲ့ ကျောက်ဖြူကတော့ နည်းနည်းထူးခြားတယ်ပေါ့နော်။ သူတို့က တပ်ရင်းတပ်ဖွဲ့တွေဆိုတာထက် ဓညဝတီ ရေတပ်ဌာနချုပ်ရှိတာပေါ့။ ဒါကြောင့် ကျောက်ဖြူမြို့ကို အများကြီး ဒုက္ခပေးနိုင်တဲ့ အခြေအနေရှိတယ်။ ပင်လယ်ပြင်ကနေပြီး နေဗီတွေနဲ့ ပစ်ကူပေးလို့ရတာပေါ့။ ပစ်ကူပေးလို့ရတယ်ဆိုတာထက် ပြည်သူတွေကိုအများကြီး ဒုက္ခပေးလို့ရတာပေါ့။ အဲဒါကြောင့် ကျောက်ဖြူရဲ့ အခြေအနေကတော့ အရမ်းကိုပြင်းထန်လာလိမ့်မယ်"

လက်ရှိ ရမ်းဗြဲကျွန်းပေါ်မှာ တရုတ်နိုင်ငံအကောင်အထည်ဖော်မယ့် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံကိန်း ဧရိယာထဲက နေရာအများစုကို ရက္ခိုင့်တပ်တော် (AA) က စိုးမိုးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါကြောင့် တရုတ်စီမံကိန်းတွေ အကောင်အထည်ဖော်ရေးနဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော် (AA) ဟာ အရေးပါတဲ့ အခြေအနေအထိဖြစ်လာတယ်လို့ ကျောက်ဖြူမှာ တရုတ်စီမံကိန်းတွေကို အနီးကပ်လေ့လာစောင့်ကြည့်နေတဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"AA ကတော့ ကျောက်ဖြူမြို့ရဲ့ ငါးမိုင်အလွန်ဆိုရင် သူတို့လွှမ်းမိုးတဲ့နယ်မြေဆိုတာဟုတ်တယ်။ ဒါကြောင့် တရုတ်တွေက သူ့ရဲ့စီမံကိန်းတွေကို ဆက်လုပ်မယ်ဆိုလို့ရှိရင် နယ်မြေအများစုကို လွှမ်းမိုးထားတဲ့ AA နဲ့ တစ်စုံတစ်ရာ ပြောတာဆိုတာတွေရှိဖို့ လိုအပ်တယ်လို့ ကျွန်တော်မြင်တယ်။ မဆွေးနွေးဘဲနဲ့ လုပ်ကြမယ်ဆိုရင် ပြဿနာရှိလာနိုင်တယ်လို့ ကျွန်တော်မြင်တယ်"

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရွှေသဘာဝဓာတ်ငွေ့တွန်းပို့စက်ရုံအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ ရွှေသဘာဝဓာတ်ငွေ့တွန်းပို့စက်ရုံအား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

လက်ရှိမှာတော့ စစ်ကောင်စီတပ်ဟာ တရုတ်ရဲ့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း အနီးအနားတွေ၊ စစ်ကောင်စီတပ်ရင်းတွေနဲ့ မြို့အနီးဝန်းကျင်တွေမှာ ခံတပ် အခိုင်အမာ ဆောက်လုပ်ထားတာ တွေ့ရတယ်လို့လည်း သူကပြောပါတယ်။

ရမ်းဗြဲမြို့ကို သိမ်းပိုက်လိုက်တယ်ဆိုတဲ့ AA ကြေညာချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်ပြောခွင့်ရသူ ဦးလှသိန်းကို RFA က ဒီနေ့ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိပါဘူး။

ရမ်းဗြဲကျွန်းပေါ်မှာ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအပြင် ရက္ခိုင့်တပ်တော် (AA) က တရုတ်စီမံကိန်း ဧရိယာတွေကိုပါ စိုးမိုးထားတဲ့ကိစ္စနဲ့ပတ်သက်လို့ သဘောထားသိနိုင်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို RFA က ဒီနေ့ အီးမေးလ်ကတစ်ဆင့် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ရက္ခိုင့်တပ်တော် (AA) ပြောခွင့်ရသူ ဦးခိုင်သုခက ရခိုင်လူမျိုးတွေရဲ့အနာဂတ်အတွက် ရခိုင်တစ်ပြည်နယ်လုံး လွတ်မြောက်အောင် တိုက်ခိုက်သွားမယ်လို့ ပြီးခဲ့တဲ့ မတ်လ ၄ ရက်နေ့က ဗီဒီယိုအွန်လိုင်းစနစ်နဲ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေတာ အချိန်လေးလအထိ ရှိနေပြီဖြစ်သလို ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်နယ်က ပေါက်တော၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ ရမ်းဗြဲ စတဲ့ မြို့ ရှစ်မြို့အထိကို သိမ်းယူထားပြီးဖြစ်ပါတယ်။