ကနီမှာ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်

လက်နက်ကိုင်ခုခံမှု အားကောင်းတဲ့ စစ်ကိုင်းတိုင်း ကနီမြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ မတ်လ ၂ ရက်ကနေ မတ်လ ၇ ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေ အင်အားသုံးတိုက်ခိုက်နေတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

မတ်လ ၂ ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကနီမြို့ မြို့မရဲစခန်း၊ စာသင်ကျောင်း၊ ထွေအုပ်ရုံးနဲ့ စစ်ကောင်စီတပ် စခန်းချရာနေရာတွေကို တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။

"စစ်ကို ဘယ်လိုစီမံခန့်ခွဲနေလဲဆိုတာ ကျွန်တော်တို့တောင် မစဉ်းစားတတ်ဘူး"

ဒါကိုလက်တုံ့ပြန်တဲ့အနေနဲ့ စစ်ကောင်စီဘက်ကလည်း မတ်လ ၆ ရက် တစ်ရက်တည်းမှာတင် မြို့ပေါ်ရပ်ကွက်နဲ့ အနီးအနား ကျေးရွာတွေကိုပါ တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်လေယာဉ်တွေသုံးပြီး ရှစ်ကြိမ်ထက်မနည်း လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တစ်မြို့လုံးကို သိမ်းနိုင်ဖို့ဆိုရင် ကနီမြို့ ဘုရားကုန်းပေါ်မှာရှိတဲ့ စစ်ကောင်စီစခန်းတစ်ခုသာ ကျန်တော့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုမြတ်ကိုက RFA ကို ဒီနေ့ မွန်းလွဲပိုင်းက ပြောပါတယ်။

“တိုက်ပွဲ ဖြစ်နေတုန်းပဲ။ ကျွန်တော်တို့ သိမ်းတာကတော့ တစ်နေရာတော့ ကျန်သေးတယ်။ အကုန်လုံး မပြီးသေးဘူး။ သူတို့ကလည်း လေယာဉ်နဲ့ ည (၁) နာရီလောက်လည်း လာပစ်တယ်။ အခုက လေယာဉ်လာပစ်တဲ့ အကြိမ်ရေပေါင်းက အကြိမ်ရေ နှစ်ဆယ်ကျော်ပြီ၊ သုံးဆယ်နီးပါးရောက်သွားပြီ၊ စတဲ့နေ့ကတည်းကပေါ့။ များတာက ပျူကပဲ များမှာပါ။ စကစအင်အားက သိပ်မရှိတော့ဘူး တော်တော်အားနည်းတယ်။ ရှိခဲ့ရင်လည်း ရဲတွေရှိမယ်။ စစ်သားဆိုတာ သိပ်မရှိဘူး"

ဒီနေ့မှာ ကနီမြို့ ဘုရားကုန်းဘက်ကို စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ စစ်အင်အားဖြည့်တင်နေပြီး အင်အားဘယ်လောက်ဆိုတာကိုတော့ အတိအကျ မသိရသေးဘူးလို့ သူက ပြောပါတယ်။ ခြောက်ရက်ကြာတိုက်ပွဲအတွင်း ရဲတပ်ဖွဲ့ဝင် အမျိုးသမီးတချို့နဲ့ Non-CDM ဝန်ထမ်း လေးဆယ်နီးပါးကို ဖမ်းဆီးထားတယ်လို့လည်း သူက ဆိုပါတယ်။

ဒီပြောဆိုချက်နဲ့ ပတ်သက်ပြီး RFA က လတ်တလော သီးခြားအတည်မပြုနိုင်သေးပါဘူး။ တိုက်ပွဲအတွင်း သူတို့ဘက်က နှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူတချို့ရှိတယ်၊ စစ်ကောင်စီဘက်ကလည်း သေဆုံးထိခိုက်များတယ်လို့ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်း ပြောရေးဆိုခွင့်ရှိသူ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော် ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

စစ်ကိုင်းတိုင်းအတွင်း အရေးပါတဲ့ ကနီမြို့ကို ကာကွယ်ရေးတပ်တွေ သိမ်းယူနိုင်လောက်အောင် စစ်ကောင်စီဘက်က ဘာကြောင့်အခွင့်အရေးပေးခဲ့သလဲဆိုတာ နားမလည်နိုင်ဖြစ်ရတယ်လို့ အမည်မဖော်လိုတဲ့ စစ်တပ်အရာရှိဟောင်းတစ်ဦးက ပြောပါတယ်။

“ကနီကိုသိမ်းထားတဲ့ အတွက်ကြောင့်မို့ အပေါ်ပိုင်း ခန္တီးတို့ဘာတို့ဘက်ကို အဆက်သွယ်ဖြတ်တောက်ပြီးသား ဖြစ်တာပေါ့။ ကားလမ်းကြောင်းက သူတို့ ဖြတ်တောက်ထားပြီးပြီလေ။ ရေကြောင်းကတော့ ဖြတ်တောက်ရ ခက်တာပေါ့။ အဲတော့ ကနီကို အဓိက သိမ်းဖို့လိုတာပေါ့။ (စစ်ကောင်စီတပ်) တကယ်လုပ်ရင် သိမ်းနိုင်စရာ မရှိဘူး။ ဒီလောက်နီးလည်း နီးတယ်၊ ကိုယ့်မှာလည်း အမြောက်တွေ ရှိနေတာပဲ။ စစ်ကို ဘယ်လိုစီမံခန့်ခွဲနေလဲဆိုတာ ကျွန်တော်တို့တောင် မစဉ်းစားတတ်ဘူး“

တိုက်ပွဲစဖြစ်တဲ့ မတ်လ ၂ ရက်ကနေ မတ်လ ၇ ရက်နေ့အထိ စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ် သုံးဆယ်ခန့် လာရောက်တိုက်ခိုက်ခဲ့ပြီး၊ ဒီတိုက်ခိုက်မှုကြောင့် မတ်လ ၄ ရက်နေ့မှာ မင်းကုန်းရွာက အသက် ၇၀ အရွယ် ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲစဖြစ်ချိန် မြို့တွင်းပိတ်မိနေတဲ့ ဒေသခံ ငါးဆယ်ဝန်းကျင်ကိုတော့ မတ်လ ၆ ရက်နေ့မှာ ကာကွယ်ရေးတပ်ဖွဲ့က ဘေးလွတ်ရာကို ကယ်ထုတ်ခေါ်ထုတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် တစ်မြို့လုံးနီးပါး ဘေးလွတ်ရာကို ထွက်ပြေးသွားပြီး မြို့ပေါ်မှာ မပြေးနိုင်တဲ့ သက်ကြီးရွယ်အိုတချို့တော့ ကျန်နေသေးတယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

“စဖြစ်တဲ့ချိန်မှာ ထွက်ဖို့ ကြိုးစားတယ်။ ဒါပေမဲ့ တိုက်ပွဲဖြစ်နေတဲ့အတွက် အပေါ်ကလည်း လေယာဉ်ကလည်း ဝဲနေတဲ့အတွက် သူတို့ကိုလည်း ပစ်မှာစိုးရိမ်တယ်၊ စိုးရိမ်တော့ အိမ်ထဲမှာပဲ နေလိုက်ရတာမျိုးရှိတယ်။ လေယာဉ်ငြိမ်တဲ့အချိန်မှ ထွက်ပြေးလာရတယ်။ တချို့ကျန်နေတယ်ဆိုတာ မထွက်ရဲတဲ့သူတွေ သက်ကြီးရွယ်အိုပိုင်းလောက်ပဲ နည်းနည်းပါးပါး ကျန်မယ်ထင်ပါတယ်”

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Pyae Aung Naing - Kani)
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၃ ခုနှစ်၊ မတ်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ (Photo: Pyae Aung Naing - Kani)

ကနီမြို့မှာ စစ်ကောင်စီခြေလျင်တပ် ခလရ (၈၇)၊ (၈၉)၊ (၂၂၂)နဲ့ တပ်မ (၇၇) လက်အောက်ခံ တပ်သား၊ ရဲနဲ့ ပျူစောထီးအဖွဲ့ဝင် နှစ်ရာနီးပါးရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အခုတိုက်ပွဲပြင်းထန်နေတဲ့ ကနီမြို့ဟာ မုံရွာအခြေစိုက် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (နမခ) ကနေ ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုပြီး အနီးအနားမြို့တွေကို စစ်အင်အားပို့ဆောင်ရာမှာ ပထမဆုံး ဖြတ်သန်းရတဲ့ မြို့ဖြစ်တာကြောင့် စစ်ကောင်စီဘက်က အထူးသတိထားရတဲ့မြို့ ဖြစ်ပါတယ်။

ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးနဲ့ ဟန်ချက်ညီ စစ်ကိုင်းတိုင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲတွေအတွင်း ကောလင်း၊ မော်လူး၊ ခါမ်းပတ်နဲ့ ရွှေပြည်အေးမြို့ကို ကာကွယ်ရေးတပ်တွေဘက်က သိမ်းယူခဲ့ပါတယ်။ အဲဒီအထဲက ကောလင်းမြို့ကို ၂၀၂၄ ဖေဖော်ဝါရီလထဲမှာပဲ စစ်ကောင်စီဘက်က အင်အားအလုံးရင်းနဲ့ ထိုးစစ်ဆင် ပြန်သိမ်းယူခဲ့ပါတယ်။