အမ်းက လူငယ်နှစ်ဦး တပ်က ပစ်လို့ သေဆုံး
2019.12.20
ရခိုင်ပြည်နယ် အမ်းမြို့နယ် ရေငံချောင်းရွာက လူငယ်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်မှာ ကံ့ကော်မြိုင်ကျေးရွာအနီးမှာ သေနတ်နဲ့အပစ်ခံလိုက်ရပြီး သေဆုံးခဲ့ပါတယ်။
တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကတော့ မသင်္ကာသူနှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့တွေ့လို့ ပစ်ခတ်ခဲ့ပြီး အသေဖမ်းဆီးမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
သူတို့နှစ်ဦးက ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ် နှစ်နာရီခန့်မှာ အိမ်အသုံးအဆောင်ပစ္စည်းတွေဝယ်ဖို့ ဆိုင်ကယ်နဲ့ ထွက်သွားရာ ကံ့ကော်မြိုင်ကျေးရွာအနီးမှာ သေနတ်နဲ့အပစ်ခံလိုက်ရတာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့က ရေငံချောင်းကနေ မဲလက်မောင်းကို ဓာတ်မီးဝယ်ဖို့သွားတာ။ ကံ့ကော်မြိုင်ရွာကို ကျော်ပြီးတော့ သွားရတာ။ စစ်တပ်က ပြည်ထောင်စု လမ်းမဘေးရဲ့ရေမြောင်းတွေမှာ ညဆိုကင်းပုန်းဝပ်တာ။ သူတို့ကလည်း ဆိုင်ကယ်စီးနေတဲ့အခါ မသိဘူးပေါ့။ လှမ်းတားတာကို မရပ်လို့ စစ်တပ်က ပစ်လိုက်တာ။ သေသွားတဲ့ ချင်းလူမျိုးနှစ်ယောက်က မိုင်းထောင်ဖို့မပြောနဲ့ စာတောင်မှ သေစာရှင်စာတောင် မတတ်ဘူး“
မဲလက်မောင်းကျေးရွာ၊ ကံ့ကော်မြိုင်ကျေးရွာနဲ့ ရေငံချောင်းကျေးရွာတွေဟာ ရန်ကုန်-စစ်တွေ ကားလမ်းဘေးမှာ တည်ရှိတာပါ။ ရေငံချောင်းကျေးရွာမှာ အိမ်ခြေပေါင်း ၁၂ အိမ်ပဲရှိပြီး တောင်ယာ လုပ်ကိုင်စားသောက်သူတွေ များပါတယ်။ သေဆုံးသွားတဲ့ အသက် ၂၁ နှစ်ရွယ် မောင်ရဲလင်းနဲ့ ၂၀ အရွယ် မောင်ထွေး တို့ လူငယ်နှစ်ဦးကတော့ တောင်ယာလုပ်ကိုင်စားသောက်နေတဲ့ ငယ်သူငယ်ချင်း နှစ်ဦးဖြစ်တယ်လို့ သေဆုံးသူ မောင်ထွေးရဲ့ မိသားစုဝင်က ပြောပါတယ်။
မောင်ထွေးကို ဒဏ်ရာ တစ်ချက်၊ ရဲလင်းကို ဒဏ်ရာ နှစ်ချက်နဲ့ ရွာရဲ့ တစ်မိုင်အကွာ ပြည်ထောင်စု ကားလမ်းဘေးမှာ ဒီဇင်ဘာလ ၁၉ ရက် မနက်ပိုင်းကမှ ရှာဖွေတွေ့ရှိခဲ့ပြီး ညနေပိုင်းမှာ မီးသဂြိုၤဟ်ခဲ့ရတယ်လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
“ရဲလင်းကတော့အောက်မှာ မောင်ထွေးက အပေါ်မှာ ထပ်ပြီးထားခဲ့တယ်။ တွင်းလေးနည်းနည်းတူးပြီးတော့။ အပေါ်က ဖက်ရွက်အုပ်ပြီး ထားခဲ့တယ်။ ကျွန်တော်တို့မှာ ဘာမှဆက်လုပ်ဖို့ မရှိတော့ဘူး။ ကျွန်တော်တို့ ညီအစ်ကိုမောင်နှမတွေက တောင်ယာပဲ လုပ်စားပါတယ်။ ကျွန်တော်တော့ မထင်ပါဘူး။ အဲလိုမျိုးမြင်လည်း မမြင်ဖူးဘူး။ လုပ်လည်း မလုပ်ဘူး။ အဲဒါကြောင့် ကျွန်တော်တို့လည်း စဉ်းစားရ ခက်နေတယ်။ ဘာမှ မတတ်နိုင်ဘူး။ သေတဲ့သူလည်း သေပြီဆိုတော့ အရှုံးပဲပေးတော့မယ်လို့ ထင်ထားတော့တယ်”
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကတော့ ကံ့ကော်မြိုင်ကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၇ ရက် ညနေ လေးနာရီခန့်မှာ ကံ့ကော်မြိုင်ကျေးရွာအနီး မသင်္ကာသူ နှစ်ဦးကို ဖောက်ခွဲရေးပစ္စည်းတွေနဲ့ အသေဖမ်းဆီးရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက-
“နယ်မြေရှင်းနေတဲ့အချိန်မှာ မိုင်းထောင်ရင်း ထွက်ပြေးသွားတာ တွေ့တဲ့အတွက် ပစ်ခတ်ဖမ်းဆီးခဲ့လို့ အသေဖမ်းဆီးရမိတာပဲ။ သူ့လက်ထဲက ဒေသန္တရလုပ်တဲ့ မိုင်းတွေ သုံးလုံးတွေ့တယ်။ အဲလိုသာ မမိဘူးဆိုရင် လုံခြုံရေးလုပ်တဲ့ တပ်ဖွဲ့ဝင်တွေက အဲဒီမိုင်း အခွဲခံရမှာ။ အဲလိုထောင်ပြီး လွတ်သွားသူတွေ အများကြီးပဲ။ နယ်မြေရှင်းလင်းရေး လုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ခဏခဏ အဲဒီလို ရီမုမိုင်းနဲ့ အခွဲခံရတာ“
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်အပြီး နှစ်ရက်အကြာမှ မိသားစုဝင်တွေက သေဆုံးသွားသူတွေရဲ့ အလောင်းကိုတော့ ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။
သေဆုံးသွားသူတွေဟာ AA တပ်ဖွဲ့ဝင်တွေဖြစ်ပြီး မိုင်းထောင်တာကြောင့် ပစ်ခတ်ဖမ်းဆီးရတယ်ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ အေအေပြောခွင့်ရ ခိုင်သုခကို RFA က ဆက်သွယ်မေးမြန်းရာမှာတော့-
“သူတို့ပစ်ခတ်သတ်ပြီးတဲ့အခါတိုင်း အဲဒီလူတွေရဲ့ လက်ထဲကနေပြီးတော့ ဖောက်ခွဲရေးပစ္စည်းတွေရတယ် ဆိုတာမျိုး စွပ်စွဲတာက တောက်လျှောက်လုပ်ကြံဖန်တီးပြီး ပြောလာတာဖြစ်တယ်“
အမ်းမြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး လုံခြုံရေးတိုးမြှင့်ထားပြီး မြို့ဝင်ထွက် ဂိတ်တွေမှာလည်း တပ်မတော်သားတွေက မသကာၤသူတွေကို စစ်ဆေးနေမှုတွေလုပ်နေတာကြောင့် သတိထား သွားလာနေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေကြောင့် တစ်ဖက်နဲ့တစ်ဖက် မသင်္ကာသူတွေကို ဖမ်းဆီးစစ်ဆေးမှုတွေလည်း များလာနေပြီး အရပ်သားသေဆုံးမှုတွေလည်း နေ့စဉ်လိုလို ဖြစ်နေပါတယ်။