ကျောက်တော်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ တပ်မတော်နဲ့ AA တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ AA ပြောခွင့်ရသူတွေက ပြောကြပါတယ်။
ကျောက်တော်မြို့နယ် တောင်ဘွေကျေးရွာအုပ်စု ဒက်ဖြူကျေးရွာမှာဆိုရင် မနေ့က နှစ်ဖက်ပစ်ခတ်မှုဖြစ်ရာကနေ ရွာထဲကို ဗုံးသီးကျရောက်ပေါက်ကွဲပြီး အိမ်မှာရှိနေတဲ့ ရွာခံလင်မယားနှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြပါတယ်။
အဲဒီဗုံးသီးကြောင့် သူတို့ရဲ့နေအိမ်မီးလောင်ပျက်စီးသွားသလို အသက် ၄၉ နှစ်အရွယ် ဦးမောင်ကျော်သိန်းနဲ့ အသက် ၄၈ နှစ်အရွယ် ဇနီးဖြစ်သူ ဒေါ်မှဲ့နီခိုင်တို့ရဲ့ ခန္ဓာကိုယ်မှာ ကျည်စတွေထိမှန်ပြီး ကျောက်တော်ဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှုခံယူနေရပါတယ်။
မနေ့ကပစ်ခတ်မှုဟာ ရွာနဲ့မလှမ်းမကမ်းမှာရှိတဲ့ တံတားအနီးမှာ တပ်မတော်စစ်ကြောင်း တစ်ခုမိုင်းခွဲတိုက်ခိုက် ခံရရာကနေစတင်ခဲ့တာဖြစ်တယ်လို့ ရွာသားတွေကပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ရွာခံတစ်ဦးဖြစ်တဲ့ ကိုအေးထွန်းသိန်း ပြောတာက -
"ကျွန်တော်တို့ ရွာထိပ်တံတားနားမှာ မိုင်းတစ်လုံးကွဲတယ်။ မိုင်းကွဲပြီးတဲ့နောက်မှာ အစိုးရတပ်ဘက်က ပစ်တာပေါ့။ ရွာဘက်ကိုလှည့်ပြီး ဆယ့်ငါးမိနစ်လောက်ပစ်တယ်။ ပစ်ပြီးနောက် လူနှစ်ယောက်ဒဏ်ရာရတာပေါ့။ နောက်ပြီးတော့ ရွာသားတွေကို သူတို့အထုပ်အပိုးတွေထမ်းဖို့ ပေါ်တာခေါ်တယ်။ လူ ဆယ့်ငါးယောက်ပေါ့။ ပြီးတော့ ပြန်လွှတ်လိုက်တယ်"
တပ်မတော်စစ်ကြောင်း နယ်မြေရှင်းလင်းတဲ့အနေနဲ့ ကျေးရွာအတွင်းမှာရှိနေတဲ့နေအိမ်တွေကို ဝင်ရောက်ရှာဖွေ ခဲ့ရာမှာ လက်ကိုင်ဖုန်း၊ ငွေကြေးနဲ့ ကြက်တွေကိုပါ ယူဆောင်သွားတယ်လို့ ရွာသားတွေကပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့က အဲဒီရွာမှာ တိုက်ခိုက်မှုဖြစ်စဉ် မရှိခဲ့ဘူးလို့ ငြင်းဆိုပါတယ်။
AA ပြောခွင့်ရသူ ခိုင်သုခက ကျောက်တော်မှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲနဲ့ပတ်သက်လို့တော့ သူ့ဆီကို သတင်း မရောက်သေးဘူးလို့ ပြောပါတယ်။
မနေ့က ဒဏ်ရာရလူနာနှစ်ဦးကို ကူညီခဲ့တာနဲ့ပတ်သက်လို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအသင်း ဥက္ကဋ္ဌ ဦးညီပုက အခုလိုပြောပါတယ်။
"ကျောက်တော်မြို့နယ် ဒက်ဖြူကျေးရွာမှာ လက်နက်ကြီးတွေကျပြီးတော့ပေါက်ကွဲတယ်။ အဲဒီကနေ ဒဏ်ရာရသွားတဲ့လင်မယားနှစ်ယောက်ကို ကျွန်တော်တို့ ဖြူစင်မေတ္တာပရဟိတအသင်းက သွားရောက်ပြီးတော့ ကူညီခဲ့တယ်။ အဲဒီကို ကုန်းလမ်းကနေသွားလို့မရလို့ ရေကြောင်းကနေ စပိဘုတ်နဲ့သွားပြီး တော့ယူခဲ့ကြပါတယ်။ ယောက်ျားဖြစ်သူက ဦးမောင်ကျော်သိန်း အသက်က ၄၉ နှစ်၊ မိန်းမဖြစ်သူက ဒေါ်မှဲ့နီခိုင် အသက်က ၄၈ နှစ်။ သူတို့လင်မယားနှစ်ယောက်နေတဲ့အိမ်ဟာ လက်နက်ကျည်ကျပြီးတော့ ပြိုသွားပါတယ်"
တပ်မတော်နဲ့ AA အဖွဲ့တို့ဟာ မနေ့က ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် အစပ် မေယုမြစ်ထဲမှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
တပ်မတော်စစ်ကြောင်းက မြစ်ထဲကနေ စက်လှေနဲ့သွားနေချိန်မှာ နှစ်ဘက်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ပစ်ခတ်မှုတွေကြောင့် သေကန်ခွဆုံ၊ အိုးဖောက် စတဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
မနေ့ကတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အမည်မဖော်လိုတဲ့ ဒေသခံအမျိုးသမီးတစ်ဦးက အခုလိုပြောပါတယ်။
"ပစ်သံကိုကြားရပါတယ်။ လက်နက်ကြီးတွေရော လက်နက်ငယ်တွေရော ပစ်ပါတယ်။ စက်လှေနဲ့သွားတာကို ပစ်တာလို့ကြားပါတယ်။ ဖြစ်နေတဲ့အချိန်မှာတော့ ကျွန်မတို့အပြင်ကိုမထွက်ရဲဘူး။ စက်လှေကတော့ လေးစီးလို့ပြောပါတယ်။ တစ်စီးကနောက်မှာကျန်ခဲ့ပြီးတော့ သုံးစီးကရှေ့ကို ရောက်သွားတာတဲ့။ အဲဒီအချိန်မှာ ပစ်ကြတာတဲ့။ ဒေသခံတွေကတော့ ရွာထဲမှာပေါ့နော် လူကြီးတွေ လူလတ်ပိုင်းတွေ လူငယ်တွေက ထွက်ပြေးကြရတာပဲ။ မိန်းကလေးတွေနဲ့ အသက်ကြီးတဲ့အဖိုးကြီးတွေပဲ ကျန်ခဲ့ပါတယ်။ ကျန်တဲ့သူတွေက ကြောက်ပြီးတော့ အကုန်လုံးထွက်ပြေးသွားကြပါတယ်။ ဘာကြောင့်ကြောက်တာလဲဆိုတော့ ရွာကိုပစ်မှာတို့ ပေါ်တာဖမ်းမှာတို့ ကြောက်လို့ပါ"
ရက္ခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ -
"စစ်ဆင်ရေးဒေသထဲကို သူတို့နောက်ထပ် လူအင်အားတွေ၊ လက်နက်ပစ္စည်းတွေကို ပို့ဆောင်တာတွေ လုပ်ခဲ့တယ်။ စစ်အင်အားတွေပို့ဆောင်တဲ့ ဗမာစစ်တပ်ရဲ့စက်လှေငါးစီးပေါ့နော် အဲဒီဥစ္စာကို ကျွန်တော် တို့ဘက်က သုံးစီးပစ်ခတ်ခဲ့တာရှိတယ်။ အထိအခိုက်အကျအဆုံးတော့ မသိရသေးဘူးပေါ့။ အထူးသဖြင့်က ကျွန်တော်တို့ကို ထိုးစစ်ဆင်ဖို့လာတဲ့ရန်သူကို ကျွန်တော်တို့က ဟန့်တားတိုက်ခိုက် တာပဲရှိတယ်ဗျ။ ကျွန်တော်တို့ဘက်ကသွားပြီးတော့ သူတို့ကိုတိုက်ခိုက်တာတော့ မဟုတ်ဘူး"
ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးကို RFA က ဆက်သွယ်မေးမြန်းခဲ့ရာမှာ အဲဒီဖြစ်စဉ်မျိုးမရှိဘူးလို့ပြောပါတယ်။
မိုးကြီးနေတာကြောင့် တပ်မတော်က စစ်ကြောင်းသွားလာတာတွေမရှိဘူးလို့လည်း ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။
AA ရဲ့ပြောခွင့်ရသူ ခိုင်သုခက မနေ့က ဘူးသီးတောင်၊ မြောက်ဦးနဲ့ မင်းပြားမြို့နယ်တွေမှာ တိုက်ပွဲ ၃ နေရာဖြစ်ပွားခဲ့ပြီး ရက္ခိုင့်တပ်တော် AA ရှိတဲ့နေရာကို ထိုးဖောက်ဝင်ရောက်လာတဲ့အတွက် ပြန်လည်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ မနေ့က မြောက်ဦးမြို့နယ် ရွာဟောင်းတောကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုတစ်ခုတည်းသာရှိခဲ့တယ်လို့ ပြောပါတယ်။
"ရွာဟောင်းတောမှာ မနေ့က အုပ်ချုပ်မှုသွားတဲ့ တပ်မတော်ယာဉ်တန်းတစ်တန်းကို သူတို့ကမိုင်းဆွဲတယ်။ ရွာဟောင်းတောနားမှာပဲဆွဲတာ။ ပြီးတော့ သူပစ်ကိုယ်ပစ်ပဲရှိတယ် ဒါပါပဲ။ ကျန်တာတော့မရှိဘူး"
ဒီနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
ကိုးကန့်တပ်မတော် MNDAA၊ တအာင်းလွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ရက္ခိုင့်တပ်တော် AA တို့ လှုပ်ရှားဆောင်ရွက်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်အတွင်း တစ်လကြာ အပစ်ရပ်မယ်လို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့က စက်တင်ဘာလ ၉ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဒီတစ်လကြာ အပစ်ရပ်ကာလအတွင်း တပ်မတော်ကို ထိုးစစ်ဆင်တိုက်ခိုက်တာတွေ လုပ်ဆောင်မှာ မဟုတ်ပေမယ့် တပ်မတော်က စစ်ဆင်ရေးလှုပ်ရှားတာ၊ တိုက်လေယာဉ်နဲ့ ရဟတ်ယာဉ် အသုံးပြုတိုက်ခိုက်တာနဲ့ လက်နက်ကြီး အမြောက်အမြားနဲ့ ပစ်ခတ်တာတွေလုပ်မယ်ဆိုရင် တုံ့ပြန်သွားမယ်လို့ အဲဒီ ကြေညာချက်မှာ ပါရှိပါတယ်။
ဒီလိုထုတ်ပြန်ပြီးနောက် ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ဆက်လက်ရှိနေဆဲဖြစ်ပြီး စစ်ဘေးသင့်ဒုက္ခသည်ဦးရေဟာ လျော့ကျမသွားပဲ တိုးနေဆဲဖြစ်ပါတယ်။
(RFA သတင်းထောက် ကိုမင်းသိန်းအောင် တင်ပြသည်)
0:00 / 0:00