မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်သစ် အာလွန်ကယ်ကစ်တစ်ခွန် (Alounkeo Kittikhoun) ဟာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။
အဲဒီအထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာ လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ NCA အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့နဲ့ နိုင်ငံရေးပါတီက ခေါင်းဆောင်တချို့ကို တွေ့ဆုံခဲ့ပါတယ်။
မြန်မာပြည်ခရီးစဉ်အပြီး နောက်တစ်ရက်မှာပဲ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အွန်လိုင်းကနေ တွေ့ဆုံခဲ့တာလို့ NUG ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က အတည်ပြုပြောပါတယ်။
အာဆီယံ အထူးကိုယ်စားလှယ်သစ်အနေနဲ့ မြန်မာ့အရေး ပိုလုပ်နိုင်ဖို့ မျှော်လင့်နေတယ်လို့လည်း သူက ပြောပါတယ်။
"(အာဆီယံရဲ့ လုပ်ဆောင်ချက်တွေကို) အဓိက အနှောင့်အယှက်တွေ ဖြစ်အောင်၊ မအောင်မြင်အောင်လုပ်နေတာ အကြမ်းဖက် စစ်ကောင်စီ ဖြစ်တယ်။ အဲဒါကို (လာအိုက) လက်ခံနားလည်ပြီး မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့ ကိုက်ညီအောင်လုပ်မယ်ဆိုရင် အောင်မြင်မယ်။ အရေးကြီးဆုံးက လက်ရှိမှာ စစ်ကောင်စီကြောင့် စစ်ဘေးဒုက္ခသည်ဟာ အရှေ့တောင်အာရှသမိုင်းမှာ အများဆုံးဖြစ်နေပြီ၊ အဲဒါကို အရေးပေါ်ကူညီပေးဖို့၊ မြေပြင်မှာ ထိန်းချုပ်ထားတဲ့ တော်လှန်ရေးအဖွဲ့တွေ NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပူးတွဲလုပ်ဖို့ အရေးကြီးတယ်"
NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ဘာတွေဆွေးနွေးခဲ့လဲ အသေးစိတ်ကိုတော့ ထုတ်မပြောပါဘူး။
၂ဝ၂၄ ခုနှစ်အတွက် အာဆီယံဥက္ကဋ္ဌနေရာကို လာအိုနိုင်ငံက တာဝန်ယူထားတာဖြစ်ပြီး လာမယ့် ၂၈ ရက်နဲ့ ၂၉ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီးတွေ မျက်နှာစုံညီအစည်းအဝေး လက်ခံကျင်းပဖို့ရှိနေပါတယ်။
လာအိုနိုင်ငံအနေနဲ့ သူဥက္ကဋ္ဌတာဝန်ရထားတဲ့ တစ်နှစ်အတွင်း မြန်မာ့အရေး ဘယ်လောက်စွမ်းဆောင်နိုင်မလဲဆိုတာကို လေ့လာသူတွေက စောင့်ကြည့်နေကြပါတယ်။
အာဆီယံအထွေထွေအတွင်းရေးမှူးကတော့ မြန်မာ့အရေးကိစ္စနဲ့ ပတ်သက်ပြီး လာအိုနိုင်ငံရဲ့ ကိုယ်တွယ်ဖြေရှင်းနိုင်စွမ်းကို လျှော့မတွက်ကြဖို့ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက Nikkei Asia သတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောထားပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ကိုစိုင်းကြည်ဇင်စိုးကတော့ "အာဆီယံနိုင်ငံတွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတွေနဲ့ သွားနေတဲ့နိုင်ငံ မရှိဘူးလို့တောင်ပြောလို့ရတယ်။ အခုလာအိုက အလှည့်ကျလာတယ်ဆိုတော့ လာအိုနဲ့ တရုတ်နဲ့ ပတ်သက်မှုအနေအထား၊ လာအိုနဲ့ စစ်ကောင်စီနဲ့ ပတ်သက်မှုအနေအထား relationship တွေ ချိတ်ဆက်မှုတွေက ရှိပြီးသားဆိုတော့ တော်လှန်ရေးသမားတွေဘက်က ပြောဆိုနေကြတဲ့ အနေအထားရောက်လာဖို့က အင်မတန်ခဲယဉ်းပါတယ်" လို့ ပြောပါတယ်။
အာဆီယံအထူးကိုယ်စားလှယ်သစ်နဲ့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တွေ့ဆုံချိန်မှာတော့ အာဆီယံဘုံသဘောတူညီချက် ငါးရပ် ရှေ့ဆက် အကောင်အထည်ဖော် ဆောင်ရွက်မယ့်အခြေအနေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်ပါတယ်။

ဒီဘုံသဘောတူညီချက်တွေကတော့ အကြမ်းဖက်တာတွေ ရပ်ဖို့၊ အာဆီယံရဲ့ ကြားဝင်စေ့စပ်မှုနဲ့ သက်ဆိုင်သူ အားလုံးဆွေးနွေးဖို့၊ အာဆီယံကတစ်ဆင့် လူသားချင်းစာနာမှု အကူအညီတွေပေးဖို့၊ အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို စေလွှတ်ပြီး သက်ဆိုင်သူ အားလုံးနဲ့ တွေ့ဖို့ စတဲ့အချက်တွေ ပါဝင်ပါတယ်။
ဒါတွေကို အကောင်အထည်ဖော်ဖို့ ဘရူနိုင်း၊ ကမ္ဘောဒီးယားနဲ့ အင်ဒိုနီးရှားတို့ အလှည့်ကျဆောင်ရွက်ခဲ့ကြပေမဲ့ မအောင်မြင်သေးပါဘူး။ ဒီသဘောတူညီချက်တွေကို ပြန်သုံးသပ်ပြင်ဆင်ဖို့ လာအိုနိုင်ငံကို အရှေ့တောင်အာရှလွှတ်တော်အမတ်များ အဖွဲ့ (APHR) က တိုက်တွန်းထားပါတယ်။
APHR အဖွဲ့ဝင် မလေးရှားလွှတ်တော်အမတ် မစ္စတာ ချားလ် စန်တီယာဂိုက " အာဆီယံအနေနဲ့ ရှေ့ဆက်သွားမယ့်လုပ်ငန်းစဉ်တွေကို တရုတ်နဲ့ ပူးပေါင်းလုပ်ဖို့လိုမယ်။ ကုလသမဂ္ဂ EU နဲ့ ပူးပေါင်းလုပ်ဖို့လိုမယ်လို့ ဒီလိုလုပ်မှ ရှေ့ဆက်နိုင်မယ်၊ သက်ဆိုင်သူတွေအားလုံး အတူတကွ ပါလာမယ်လို့ မြင်တယ်။ ဒါ အရမ်းအရေးကြီးပါတယ်။ အာဆီယံတစ်ယောက်တည်း မလုပ်နိုင်တာ ပြီးခဲ့တဲ့ သုံးနှစ်လုံး ကျွန်တော်တို့ မျက်ဝါးထင်ထင် မြင်ခဲ့ပြီးပါပြီ။ အာဆီယံက အရေးယူဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့တာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ လူတွေကို သတ်ဖို့ တိုင်းပြည်ကို ဖျက်ဆီးဖို့ အခွင့်အရေး ရနေတာပါ။ ဗုံးတွေကြဲပြီး တိုက်ခိုက်ခဲ့တာကြောင့် လူတွေလည်း နယ်စပ်ထွက်ပြေးခဲ့ရတယ်" လို့ပြောပါတယ်။
လာအိုနိုင်ငံက အသစ်ခန့်လိုက်တဲ့ အာဆီယံ အထူးကိုယ်စားလှယ် အာလွန်ကယ်ကစ်တစ်ခွန်ဟာ လာအိုအစိုးရအဖွဲ့ထဲမှာ ဝန်ကြီးအဆင့်ရာထူးတွေလည်း ထမ်းဆောင်ဖူးသလို ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းသံအမတ်အဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။
သူရဲ့သံတမန်ရေး အတွေ့အကြုံတွေက အာဆီယံစားပွဲဝိုင်းမှာ အရေးတကြီး ဖြေရှင်းဖို့လိုနေတဲ့ မြန်မာ့အရေးကို ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာကို လေ့လာသူတွေက စောင့်ကြည့်နေကြပါတယ်။