မြန်မာ့အရေးဖြေရှင်းဖို့ အာဆီယံက နည်းလမ်းရှာနိုင်မလား

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah (ဝဲစွန်)နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer (ယာစွန်)ကို စင်္ကာပူနိုင်ငံမှာ  ၂၀၂၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က စတင်ကျင်းပသည့် အာရှဒေသတွင်း လုံခြုံရေးဆိုင်ရာ ရှန်ဂရီလာ အစည်းအဝေးမှာ တွေ့ရစဥ်
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah (ဝဲစွန်)နှင့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer (ယာစွန်)ကို စင်္ကာပူနိုင်ငံမှာ ၂၀၂၂ ခုနှစ် ဇွန်လ ၁၂ ရက်နေ့က စတင်ကျင်းပသည့် အာရှဒေသတွင်း လုံခြုံရေးဆိုင်ရာ ရှန်ဂရီလာ အစည်းအဝေးမှာ တွေ့ရစဥ် (Photo: IISS Shangri-la Dialogue)

စင်္ကာပူနိုင်ငံမှာ သုံးရက်ကြာပြုလုပ်ခဲ့တဲ့ ၁၉ ကြိမ်မြောက် အာရှဒေသတွင်း လုံခြုံရေး ဆိုင်ရာ ရှန်ဂရီလာ အစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ငါးရပ် တိုးတက်ရေးနည်းလမ်းသစ်ရှာဖို့ တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ဟာ အာဆီယံ သဘောတူညီချက် အကောင်အထည်ဖော်မှုမှာ အရေးကြီးတဲ့သူတွေအဖြစ် ပါဝင်ရမယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေးပုဂ္ဂိုလ် Derek Chollet နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Noeleen Heyzer တို့လည်း တက်ရောက်ခဲ့ပြီး မြန်မာ့အရေးဟာ ခေါင်းစဉ်တစ်ခုအနေနဲ့ ပါဝင်ခဲ့တာပါ။

NUG အစိုးရနဲ့ ဆွေးနွေးပြီး မြန်မာ့အရေးဖြေရှင်းဖို့ နည်းလမ်းသစ်ရှာဖွေရေးကို ထောက်ခံ တယ်လို့ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ဆိုပါတယ်။

“အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေက မူအားဖြင့် ကောင်းပါတယ်။ NUG က လက်ခံတယ်။ ကျနော်တို့နဲ့တော့ ဆွေးနွေးညှိနှိုင်းဖို့ လိုအပ်ပါတယ်။ နောက် ကျနော် တို့က ပြည်သူတွေ ကိုယ်စားပြုတဲ့ အစိုးရအဖွဲ့၊ အာဆီယံရဲ့ အဓိကကျမှုကို နိုင်ငံ တကာကလည်း လက်ခံထားတာရှိတယ်။ အာဆီယံဟာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိမယ်။ ဘုံသဘောတူညီချက်ဟာ အရေးမကြီးဘူး မဟုတ်ဘူး။ အရေးကြီးတယ်။ ဒါပေမဲ့ ဒါမဖြစ်လာဘူးဆိုရင် အာဆီယံ အပါအဝင် ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ ရှိတယ်၊ ကျနော်တို့ Stakeholder တွေနဲ့ အဖြေရှာဖို့ လုပ်ဆောင်သင့်တယ်"

အခု ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေတဲ့ အာဆီယံ အထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့ တွေ့ခွင့် ရဖို့ မသေချာသေးပါဘူး။

အာဆီယံအရေးကျွမ်းကျင်သူ ဒေါ်မိုးသူဇာကတော့ အာဆီယံအထူးကိုယ်စားလှယ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်တို့နဲ့ ဒီတစ်ကြိမ်တွေ့ဆုံနိုင်မယ်ဆိုရင် မြန်မာ့အရေး ဖြေရှင်းနိုင်ရေးမှာ တိုးတက်မှုအဖြစ် ပြောနိုင်တယ်လို့ သုံးသပ်ပါတယ်။

“ဒီလိုမျိုးတွေ့ခွင့်ရမယ်ဆိုရင်တော့ အာဆီယံ ဘုံသဘောတူညီချက် ငါးချက်ထဲမှာပါတဲ့ ဒုတိယအချက်ပါအတိုင်း သက်ဆိုင်သူများနဲ့ စတင်ဆွေးနွေးပြီးတော့မှ ပြည်သူ့ဆန္ဒ၊ ပြည်သူ့အကျိုးစီးပွားနဲ့အညီ ထွက်ပေါ်လာမယ့် ငြိမ်းချမ်းစွာ ဖြေရှင်းချက်တစ်ရပ်ကို အပြုသဘောဆောင်တဲ့ ထိတွေ့ဆက်ဆံမှုများရဲ့ ဖြစ်စဉ်စတင်တဲ့အရွေ့လို့ သတ်မှတ် လို့ ရပါတယ်”

စစ်တပ်က ဆက်ပြီး ငြင်းဆန်နေဦးမယ်ဆိုရင်တော့ အာဆီယံနဲ့ အာဆီယံရဲ့ ဆွေးနွေးဖက် တွေဖြစ်တဲ့ အမေရိကန်၊ တရုတ်၊ ဂျပန်တို့အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းဟာ မြန်မာ့အရေးကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ နောက်တစ်ဆင့်တက်ပြီး စဉ်းစားကြလိမ့် မယ်လို့ ဒေါ်မိုးသူဇာက ပြောပါတယ်။

"တွေ့ဆုံဆွေးနွေးရေး ဖြစ်သွားရင် လမ်းကြောင်းသစ်တစ်ခု ပေါ်လာနိုင်မလားဆိုပြီး သူတို့ တွေးဆတာလည်းရှိတယ်"

အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ခရီးစဉ်အကြောင်း အသေးစိတ်သိနိုင်ဖို့ အာဆီယံအတွင်း ရေးမှူးချုပ်ရုံးကို RFA က အီးမေးလ်ကနေတစ်ဆင့် ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန် သေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ် ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်တပ်အရာရှိဟောင်းတွေ ဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာလေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက် တွေကို စစ်တပ်က လက်ခံနိုင်မယ့် ပုံမပေါ်ဘူးလို့ သုံးသပ်ပါတယ်။

“လောလောဆယ်မှာ ဦးဝင်းမြင့်တို့၊ ဒေါ်အောင်ဆန်းစုကြည်တို့ကလည်း အမှုတွေ ရင်ဆိုင်နေရတဲ့အတွက်ကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကို သွားဖို့က တော် တော်ကြီးကို ခဲယဥ်းပါတယ်။ ဖြစ်နိုင်စရာအကြောင်း မရှိသလောက်ပဲ။ ကျနော်တို့ အခုမြင်တာကတော့ အနောက်အုပ်စုပေါ့၊ အထူးသဖြင့် အမေရိကန်ဦးဆောင်တဲ့ သူတွေရယ်၊ အမေရိကန်ဘက် ယိမ်းတဲ့သူတွေကတော့ ဒီတွေ့ဆုံဆွေးနွေးရေးလမ်း ကြောင်းကို တော်တော်လေး ဦးစားပေးပြီး ခေါင်းတပ်ပြီးပြောကြတယ်။ အဲ့ဒီဘက် ကိုလည်း သွားစေချင်တယ်။ တွေ့ဆုံဆွေးနွေးရေး ဖြစ်သွားရင် လမ်းကြောင်းသစ်တစ်ခု ပေါ်လာနိုင်မလားဆိုပြီး သူတို့ တွေးဆတာလည်းရှိတယ်။ မြန်မာ့နိုင်ငံရေးရဲ့ လက်ရှိ သွားနေတဲ့လမ်းကြောင်းအရ အဲ့ဒီလမ်းကြောင်းကို သွားဖို့က အရမ်းခဲယဥ်းသွားပြီ”

အနောက်နိုင်ငံတွေနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့ လိုလားနေတဲ့ တွေ့ဆုံဆွေးနွေး အဖြေရှာရေးကို စစ်ကောင်စီအနေနဲ့ လက်ခံစဉ်းစားမယ့် ပုံမပေါ်တာကြောင့် ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်၊ NUG တို့ ပါဝင်တဲ့ ဆွေးနွေးပွဲတွေဖြစ်လာမှာ မဟုတ်ဘူးလို့လည်း သူက မြင်ပါတယ်။

အမေရိကန်နှင့် အာဆီယံ ခေါင်းဆောင်တွေကို ၂ဝ၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှာ အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့တွင် တွေ့ရစဥ် (AFP Photo)
အမေရိကန်နှင့် အာဆီယံ ခေါင်းဆောင်တွေကို ၂ဝ၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှာ အမေရိကန်သမ္မတ အိမ်ဖြူတော်ရှေ့တွင် တွေ့ရစဥ် (AFP Photo) (NICHOLAS KAMM/AFP)

စစ်တပ်ကို ဆန့်ကျင်သူတွေဟာ နိုင်ငံမတည်မငြိမ်ဖြစ်အောင် လုပ်သူတွေအဖြစ် တံဆိပ်ကပ်သုတ်သင်ပြီး ၂၀၂၃ ရွေးကောက်ပွဲလုပ်ဖို့ကိုပဲ စဉ်းစားနေတာဖြစ်တယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

“စစ်တပ်ရဲ့ သွားနေတဲ့လမ်းကြောင်းနဲ့ သူတို့လုပ်နေတဲ့ဟာက ၂၀၂၃ မှာ သူတို့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ဆွဲတင်မယ်။ အဲ့ဒီ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ပါမယ်လို့ ဆုံးဖြတ်ကြတဲ့အဖွဲ့တွေက ဒီမိုကရေစီ တန်ဖိုးထားတဲ့လူတွေဖြစ်တယ်။ မပါဘဲနဲ့ ဆန့်ကျင်နေတဲ့သူတွေက တိုင်းပြည်ကို ဖျက်လိုဖျက်ဆီး လုပ်နေတဲ့သူတွေ ဖြစ်တယ်။ တခြား ဖိအားတွေနဲ့ လွှမ်းမိုးမှုတွေကြောင့် မြန်မာနိုင်ငံအတွင်းမှာ မတည်မငြိမ် ဖြစ်အောင် တမင်လုပ်နေတဲ့လူတွေ ဖြစ်တယ်ဆိုတာ သူတို့ပြောနေတဲ့ စကား။ သူတို့ အဲ့ဒီလမ်းကြောင်း မောင်းနှင်နေတဲ့အတွက်ကြောင့် အာဆီယံက စဉ်းစားတဲ့ပုံစံမျိုး သူတို့လုပ်မှာ မဟုတ်ဘူး”

အာဆီယံနဲ့ နိုင်ငံတကာက မြန်မာ့အရေးအတွက် နည်းလမ်းသစ်ရှာရင်လည်း စစ်ကောင်စီ က လက်ခံဆောင်ရွက်ဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ သူက ယူဆပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး Derek Chollet က စစ်ကောင်စီရဲ့ ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲဟာ အတုအယောင်သဘောသာဖြစ်ပြီး လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်လာမှာမဟုတ်လို့ မထောက်ခံသင့်ဘူးလို့ ရှန်ဂရီလာဆွေးနွေးပွဲမှာ ပြောဆိုခဲ့ပါတယ်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် Noeleen Heyzer ကလည်း ဒီအချက်ကို ထောက်ခံလိုက်ပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ဟာ နိုင်ငံကို ပိုပြီး မတည်မငြိမ် ဖြစ်စေလိမ့်မယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအရေးကို ဖြေရှင်းတဲ့နေရာမှာ စင်္ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား စတဲ့ နိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး တရုတ်နိုင်ငံလည်း ဖြေရှင်းမှုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ဖို့ မျှော်လင့်တယ်လို့ မစ္စတာ Derek Chollet က ပြောသွားပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက်တွေရထားတာ တစ်နှစ်ကျော်လာပြီဖြစ်ပေမယ့် စစ်ကောင်စီဘက်က တက်တက်ကြွကြွ အကောင်အထည်မဖော်ဘဲဖြစ်နေလို့ အာဆီယံ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက စိတ်ပျက်နေကြပါတယ်။