အာဆီယံအထူးသံတမန်ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာပြည်ခရီးစဉ် တိုးတက်မှုရှိနိုင်မလား

2022.05.08
အာဆီယံအထူးသံတမန်ရဲ့ ဒုတိယအကြိမ်မြောက် မြန်မာပြည်ခရီးစဉ် တိုးတက်မှုရှိနိုင်မလား ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ကို နေပြည်တော်တွင် တွေ့ရစဥ်
Photo: Myanmar Military

လာမယ့် မေ ၁၂ ရက်နဲ့ ၁၃ ရက်နေ့မှာ ကျင်းပမယ့် အာဆီယံ - အမေရိကန် အထူးအစည်း အဝေးပွဲပြီးတဲ့နောက်မှာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းဟာ မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် လာဖို့ရှိနေပါတယ်။

မြန်မာ့အရေး ဘုံသဘောတူညီချက် ငါးချက်ချမှတ်ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့တာ တစ်နှစ်ကျော် ပြီးနောက် မြန်မာနိုင်ငံကို အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ဆော့ခွန်းက ဒုတိယအကြိမ် လာရောက်မှာပါ။

ပြီးခဲ့တဲ့ မတ်လအတွင်း မြန်မာနိုင်ငံကို ပထမအကြိမ်လာခဲ့တဲ့ သူ့ရဲ့ခရီးစဉ်မှာ ဒေါ်အောင် ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

“စစ်ကောင်စီရဲ့တုံ့ပြန်ချက်တွေက အခုချိန်ထိ ဘုံသဘောတူညီချက်တစ်ခုမှ လိုက်လျောမှုမရှိသလို လိုက်လျောချင်တဲ့ဆန္ဒလည်း ရှိပုံမပေါ်ဘူး"

ဒီတစ်ကြိမ်မှာတော့ စစ်ကောင်စီအနေနဲ့ အာဆီယံသံတမန် တောင်းဆိုတဲ့အတိုင်း ပြောင်း လဲမှုမရှိလာနိုင်ရင် အာဆီယံနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ နီးစပ်မှုတွေ ရှိလာ နိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။

“အောင်မြင်နိုင်ချေရှိ၊ မရှိက နစက သဘောထား အပြောင်းအလဲပေါ် မူတည်နေတာပေါ့။ နစက သဘောထားမပြောင်းဘူးဆိုရင် သူတို့က ဖိအားတစ်ခုခုလုပ်လာနိုင်တယ်။ အဲဒါ က ဘာလဲဆိုတော့ NUG နဲ့ တရားမဝင်စကားပြောဆို ဆွေးနွေးတာမျိုး၊ အဲဒီကနေတစ် ဆင့် NUG ကို အသိအမှတ်ပြုတာမျိုး၊ နစက နေရာမှာ NUG ကိုအစားထိုးတာမျိုး စသဖြင့် တစ်ဆင့်ပြီးတစ်ဆင့် ဖိအားတွေဖြစ်လာနိုင်တာပေါ့ဗျာ”

စစ်ကောင်စီအနေနဲ့ အာဆီယံအထူးကိုယ်စားလှယ်ကို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ပေးပြီး အပြောင်းအလဲရှိတာကို သက်သေပြဖို့လိုအပ်တယ်လို့ ဦးရဲထွန်းက ထောက်ပြပါ တယ်။

အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ မလေးရှားရဲ့ နိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah ကလည်း အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အလွတ်သဘောဆွေးနွေးဖို့ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း အကြံပြုခဲ့ပေမယ့် စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ပြင်းပြင်းထန်ထန်ပဲ ကန့်ကွက်ခဲ့ပါတယ်။

တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ အာဆီယံရဲ့ မြန်မာ့အရေး သဘောတူညီချက် ငါးချက် ဟာလည်း အခုအချိန်အထိ လျစ်လျူရှုခံထားရသလို စစ်ကောင်စီက အရှေ့တောင်အာရှ အစိုးရတချို့နဲ့ ပွတ်တိုက်မှုတွေ အစပြုနေတယ်လို့ ဒီပလိုမက်သတင်းမှာ ဖော်ပြပါတယ်။

အာဆီယံသံတမန်ရဲ့ ဒုတိယအကြိမ် ခရီးစဉ်ဟာ ပထမအကြိမ်လိုပဲ မအောင်မြင်ခဲ့ရင် အာဆီယံအနေနဲ့ စစ်ကောင်စီထက် အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့သာ အဆက် အဆံ လုပ်လာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း သုံးသပ် ပါတယ်။

ဒီမတိုင်ခင်က မေလ ၆ ရက်နေ့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ မြန်မာကိုပေးဖို့ အာဆီယံရဲ့ အစည်းအဝေးတစ်ခုရှိခဲ့ပြီး အာဆီယံသံတမန်ဆီက ဒီအချက် ကိုသာ မျှော်လင့်နိုင်မယ်လို့ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“ဆောင်ရွက်မှုကတော့ လက်တွေ့ဖြစ်ပါ့မလားဆိုတာက ဒီနေ့အထိ ကျနော်တို့ သံသယ ကြီးစွာနဲ့ စောင့်ကြည့်နေတုန်းပါ။ အဲဒီတော့ ကျနော်တို့ အာဆီယံကိုယ်စားလှယ်ရဲ့ ခရီး စဉ်နဲ့ပတ်သက်ရင် အာဆီယံရဲ့ တောင်းဆိုချက် ငါးချက်ထဲက ပြည်သူလူထုကို ထောက်ပံ့ကူညီရေးဆိုတဲ့ကိစ္စကို လုပ်ခွင့်ပေးဖို့ သူ့အနေနဲ့ စွမ်းဆောင်နိုင်ရင်ပဲ မဆိုးလှ ဘူးလို့ ကျနော့်အနေနဲ့ သုံးသပ်ပါတယ်ခင်ဗျာ”

အာဆီယံသံတမန်ရဲ့ ခရီးစဉ်မှာ မြန်မာအနှံ့က စစ်ဘေးဒုက္ခသည်တွေအတွက် စေ့စေ့စပ်စပ် အထောက်အပံ့ပေးနိုင်ဖို့၊ စစ်ကောင်စီရဲ့ လမ်းပန်းဆက်သွယ်ရေး ဖြတ်တောက်မှုတွေရှိ နေတဲ့ ဒုက္ခသည်ကူညီရေး လမ်းကြောင်းတွေကို အဆင်ပြေချောမွေ့စေဖို့ကို လုပ်ဆောင် ပေးစေချင်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။

လက်ရှိအာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကတော့ အာဆီယံသံတမန်ရဲ့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့နဲ့ တွေ့ခွင့်ပေးဖို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မေလ ၂ ရက်က အွန်လိုင်းကတစ်ဆင့်တောင်းဆို ခဲ့ပါတယ်။

ဒါကို စစ်ကောင်စီဘက်ကလည်း တွေ့ခွင့်ပေးမယ်လို့ ကတိပေးခဲ့ကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာနက မေလ ၂ ရက်နေ့မှာ ဖော်ပြပါတယ်။

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ဒါနဲ့ပတ်သက်လို့ တိတိကျကျမပြော ပေမယ့် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ပေးမယ်လို့ မေ ၃ ရက်မှာ RFA ကို ဖြေကြားခဲ့ပါတယ်။

prak-sokhonn-wunnamaunglwin.jpg
နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းတို့ နေပြည်တော်မှာ ၂၀၂၂ ခုနှစ် မတ်လ ၂၁ ရက်နေ့က တွေ့ဆုံခဲ့စဉ် (Ministry of Foreign Affairs Myanmar)

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ရဲ့ ဒုတိယ အမှုဆောင်ဒါရိုက်တာ ဆလိုင်းဇအုပ်လိန်းက တော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အာဆီယံတစ်ခုတည်းတင် မဟုတ်ဘဲ နိုင်ငံ တကာက အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဖြေရှင်းနိုင်မယ့်နည်းလမ်းဆိုရင် ပိုအကျိုးရှိနိုင်မယ် လို့ သုံးသပ်ပါတယ်။

“စစ်ကောင်စီရဲ့တုံ့ပြန်ချက်တွေက အခုချိန်ထိ ဘုံသဘောတူညီချက်တစ်ခုမှ လိုက်လျော မှုမရှိသလို လိုက်လျောချင်တဲ့ဆန္ဒလည်း ရှိပုံမပေါ်ဘူး ဥပမာဆိုရင် ဒေါ်အောင်ဆန်း စုကြည်ကို ထောင်ဒဏ်ပေးတာတွေက ဘုံသဘောတူညီချက်နဲ့ မကိုက်ညီတဲ့အရာတွေ ဖြစ်ပါတယ်၊ ဘုံသဘောတူညီချက်နဲ့ စစ်ကောင်စီဘက်ကို ချဉ်းကပ်မယ်ဆိုရင် ဘယ်လို မှဖြစ်လာနိုင်စရာမရှိဘူး၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေအားလုံးပါဝင်ပြီး ရှာကြံလုပ် သင့်တယ်လို့ ထင်ပါတယ်’’

အာဆီယံထိပ်တန်းခေါင်းဆောင်တွေနဲ့ အမေရိကန်အစိုးရတို့ကြား ထိပ်သီးအစည်းအဝေးကို လည်း အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ လာမယ့် မေလ ၁၂ ရက်နဲ့ ၁၃ ရက်တို့ မှာ ပြုလုပ်တော့မှာပါ။

အာဆီယံအဖွဲ့ကြီးအနေနဲ့ အနောက်အင်အားကြီးနိုင်ငံတွေရဲ့ လွှမ်းမိုးခြယ်လှယ်မှုကို မခံချင် ရင် မြန်မာ့ပြည်တွင်းရေးအကျပ်အတည်းမှာ ထိထိရောက်ရောက် ဖြေရှင်းဖို့လိုအပ်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။