BGF အသွင်ပြောင်း KNA ဖွဲ့စည်းမှု စစ်ကောင်စီအတွက် အကျပ်အတည်းဖြစ်နိုင်

စစ်တပ်နဲ့ နှစ်ပေါင်းများစွာ လက်တွဲခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF) ဟာ စစ်ကောင်စီပေးတဲ့ လစာနဲ့ရိက္ခာတွေ မယူတော့ဘဲ သီးခြားရပ်တည်မယ်လို့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ မှာ ကြေညာခဲ့ပြီးနောက် မတ်လဆန်းမှာ ကရင်အမျိုးသားတပ်မတော် (KNA) အဖြစ် ပြောင်းလဲဖွဲ့စည်းလိုက်ပါတယ်။

လက်ရှိမှာ ကရင်ပြည်နယ်အပါအဝင် ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ အားလုံးနီးပါးမှာ KNU၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီကြား တိုက်ပွဲတွေပြင်းထန်နေတာပါ။

လှိုင်းဘွဲ့၊ ဖာပွန်၊ မြဝတီနဲ့ ကြာအင်းဆိပ်ကြီးလို တိုက်ပွဲပြင်းထန်တဲ့နေရာတွေမှာ အခြေစိုက်ထားတဲ့ KNA ရဲ့ စစ်ရေးမူဝါဒတွေသိနိုင်ဖို့ KNA/BGF ပြောခွင့်ရ ဗိုလ်မှူးနိုင်မောင်ဇော်ကို RFA က ဆက်သွယ်မေးမြန်းတဲ့အခါ လက်ရှိအချိန်မှာ ဖြေဖို့ခက်ခဲတယ်လို့ ပြောပါတယ်။

“KNA နဲ့ပတ်သက်လို့ ဖြေဖို့ နည်းနည်းခက်တယ်။ အခု ကျွန်တော်တို့ အစည်းအဝေးလုပ်နေလို့”

BGF တပ်နယ် ၂ ဗျူဟာမှူး ဗိုလ်မှူးစောတင်ဝင်းကတော့ လက်ရှိအချိန်မှာ စစ်ကောင်စီကိုပြန်တိုက်ဖို့ အင်အားအလုံအလောက်ရှိပေမယ့် နိုင်ငံရေးအခြေအနေပေါ် မူတည်ပြီး ဒေသခံပြည်သူတွေ ထိခိုက်နစ်နာတာမျိုးမရှိအောင် လုပ်ဆောင်သွားမယ်လို့ Karen Information Center - KIC ကို ပြောထားပါတယ်။

"KNA တစ်ဖြစ်လဲ BGF သာ လက်နက်ကိုင်တော်လှန်ရေးမှာပါဝင်လာရင် ကရင်ပြည်နယ်ဟာ စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေ ဖြစ်လာလိမ့်မယ်"

BGF ဟာ တပ်နယ်လေးနယ်၊ တပ်ရင်း ၁၃ ရင်းနဲ့ ဖွဲ့စည်းထားပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့၊ ဖာပွန်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး စတဲ့ဒေသတွေမှာ အခြေစိုက်ထားပါတယ်။ တပ်ရင်းတစ်ရင်းကို တပ်ဖွဲ့ဝင် ၅၅၆ ဦးနဲ့ စစ်အင်အားအပြည့်ရှိတယ်လို့ BGF နဲ့နီးစပ်သူတွေက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းကတော့ KNU က ထုတ်ပယ်ထားတဲ့အဖွဲ့ဖြစ်စေ၊ ခွဲထွက်သွားတဲ့အဖွဲ့ဖြစ်စေ လက်နက်ကိုင်တပ်ဖွဲ့အားလုံး ပြန်စုစည်းပြီး ကရင်တစ်မျိုးသားလုံး လွတ်မြောက်ရေးအတွက် လုပ်ဆောင်ကြဖို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကတည်းက တိုက်တွန်းထားပါတယ်။

“ကရင်အမျိုးသား အစည်းအရုံးမှာ ထုတ်ပယ်ထားခံရသည့်အဖွဲ့ဖြစ်စေ၊ ခွဲထွက်သွားသည့်အဖွဲ့အစည်းများဖြစ်စေ၊ ကွဲပြားနေတဲ့ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများ ပြန်လည်ပြီး စည်းစည်းလုံးလုံး၊ စုစုဝေးဝေး လုပ်ကိုင်ဆောင်ရွက်သွားဖို့၊ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် ကွဲပြားနေတဲ့ ကရင်အဖွဲ့အစည်းအားလုံးဟာ ရည်မှန်းချက်၊ မျှော်လင့်ချက်၊ ခံယူချက်တွေဟာ တူညီမှုတစ်ခုတည်းအောက်မှာ တည်ရှိနေတာဖြစ်တယ်။ ကိုယ့်လူမျိုး လွတ်မြောက်ရေးအတွက်၊ တန်းတူညီတူ အခွင့်အရေးရရှိရေးအတွက် လုပ်ဆောင်နေတာပဲဖြစ်တယ်”

KNA တစ်ဖြစ်လဲ BGF သာ လက်နက်ကိုင်တော်လှန်ရေးမှာပါဝင်လာရင် ကရင်ပြည်နယ်ဟာ စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေ ဖြစ်လာလိမ့်မယ်လို့ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာပါဝင်နေတဲ့ ဗိုလ်ကြီး ဇင်ယော်က ပြောပါတယ်။

“ငါးထောင်ကနေ ခုနစ်ထောင်ကြား မှန်းထားတဲ့အင်အားနဲ့ စစ်ကောင်စီအင်အားက အဲဒီဘက်မှာ အလွန်ဆုံးရှိမှ လေးထောင်ပေါ့၊ ကရင် လက်နက်ကိုင်အင်အားနဲ့ ချိန်လိုက်ရင် ညီမျှမှု လုံးဝမရှိဘူး။ အဲဒီတော့ ကရင်လက်နက်ကိုင်အားလုံး ပူးပေါင်းပြီး တိုက်လိုက်မယ်ဆိုရင် ရှမ်းမြောက်တို့ ရခိုင်တို့မှာလို စစ်ကောင်စီ ကင်းစင်နယ်မြေဆိုတာ အချိန်တိုလေးနဲ့ ခဏလေးနဲ့ ဖြစ်သွားနိုင်တယ်”

နိုင်ငံတစ်ဝန်း လက်နက်ကိုင်ခုခံမှုတွေကို ရင်ဆိုင်နေရတဲ့ စစ်ကောင်စီဟာ BGF လို အင်အားတောင့်တင်းတဲ့အဖွဲ့ ခွဲထွက်သွားတာကြောင့် အကျပ်အတည်း ပိုကြုံရလိမ့်မယ်လို့လည်း သူကပြောပါတယ်။

ကရင်ပြည်နယ်ထဲက စစ်ရေးအခြေအနေတွေဟာ ရှုပ်ထွေးနေဆဲဖြစ်တာကြောင့် KNA ဘယ်လိုရပ်တည်မလဲဆိုတာ ပြောဖို့ခက်တယ်လို့ ကရင်ပြည်နယ်အခြေစိုက် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းက ပြောပါတယ်။

“အဲဒါက ကျွန်တော်ခန့်မှန်းရခက်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရပ်တည်တဲ့ပုံစံက မတူကြဘူး။ ကျွန်တော်တို့ DKBA ကျတော့ အဓိက ပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းတာကို ဦးစားပေးပြီး တချို့အဖွဲ့တွေက စစ်ရေးနဲ့ဖြေရှင်းတာကို ဦးစားပေးကြတယ်။ ဥပမာ KNA က ဗိုလ်မှူးကြီးစောချစ်သူတို့ကျတော့ အခုအခင်းအကျင်းကို ဘယ်လိုပုံစံနဲ့ ရပ်တည်မလဲဆိုတာ ပြောဖို့တော့ခက်တယ်”

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က သောင်ရင်းမြစ်ကမ်းမှ မယ်သဝေါရွာအနီးတွင် တွေ့ရစဉ်။ (Photo : Citizen Journalist)
ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်နေ့က သောင်ရင်းမြစ်ကမ်းမှ မယ်သဝေါရွာအနီးတွင် တွေ့ရစဉ်။ (Photo : Citizen Journalist)

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တိုင်းရင်းသားအရေး သုံးသပ်သူတစ်ဦးကတော့ BGF အသွင်ပြောင်း KNA အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးထဲ ရုတ်တရက် ပါလာသေးမှာမဟုတ်ဘဲ စစ်ကောင်စီဘက်က စတင်တိုက်ခိုက်လာမှသာ လက်တုံ့ပြန်လိမ့်မယ်လို့ RFA ကို ပြောပါတယ်။

“BGF ကတော့ ကျွန်တော်ကြည့်ရသလောက် စစ်ကောင်စီကို တိုက်တဲ့အထဲမှာတော့ ရုတ်တရက် ပါလာနိုင်ဖို့ခဲယဉ်းတယ်။ သူ့ဟာသူ သီးခြားရပ်တည်နေတယ်။ သူ့ကို စစ်ကောင်စီက လာထိမှသာ စစ်ကောင်စီကို ပြန်ပြီးတုံ့ပြန်မယ့်အနေအထားမျိုးဖြစ်တယ်”

ဒါပေမဲ့ အခုရက်ပိုင်း ကရင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ BGF တပ်တွေက စစ်ကောင်စီတပ်ကို ကူညီထောက်ပံ့တာမျိုး မရှိတော့တာကြောင့် KNU/ PDF ပူးပေါင်းတပ်တွေရဲ့ စခန်းသိမ်းတိုက်ပွဲတွေ ပိုအောင်မြင်လာတယ်လို့ သူကပြောပါတယ်။ တပ်အင်အား ခုနစ်ထောင်နီးပါးရှိတဲ့ BGF အသွင်ပြောင်း KNA ဟာ လက်နက်ကောင်းတွေ တပ်ဆင်ထားသလို အဆင့်မြင့် တိုက်ခိုက်ရေး တပ်ဖွဲ့တွေလည်း ရှိနေတယ်လို့ သူကဆိုပါတယ်။

လက်နက်ကိုင်တော်လှန်ရေးထဲ အပြည့်အဝ မပါဝင်သေးရင်တောင် စစ်ကောင်စီတပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မကူညီ မထောက်ပံ့တာကလည်း စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ပွဲအတွက် အားသာချက်တစ်ခုဖြစ်တယ်လို့ စစ်ရေးအကဲခတ်တွေက ပြောပါတယ်။