စစ်မှုထမ်းဥပဒေကြောင့် ပြည်ပထွက်တဲ့ ကချင်လူငယ်တွေ များလာ

ကချင်ပြည်နယ်မှာ ပြည်သူ့စစ်မှုထမ်းဥပဒေ မပြဋ္ဌာန်းချိန်ကတည်းက ပြည်သူ့စစ်အဖွဲ့တွေ လူသစ်စုဆောင်းဖို့ ဖမ်းဆီးတာ ကြုံနေရသလို စစ်ကောင်စီက အခုလို ဥပဒေပြဋ္ဌာန်းလိုက်တဲ့နောက် ပိုပြီးစိုးရိမ်လာတဲ့အတွက် ဒီအခြေအနေကနေ လွတ်မြောက်ဖို့ ကြိုးစားလာကြတာလို့ လူငယ်တွေက ပြောပါတယ်။

စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းချင်တဲ့ တချို့ လူငယ်တွေက ပြည်ပနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ အများဆုံးသွားကြပြီး တချို့ကလည်း တော်လှန်ရေးတပ်တွေဆီ ခိုလှုံဖို့ ဆုံးဖြတ်လာကြတာဖြစ်ပါတယ်။

"မလေးအစိုးရကလည်း တရားမဝင် လာရောက်နေထိုင်တဲ့လူတွေကို ဖမ်းဆီးနေတဲ့အချိန်ဆိုတော့ မထူးခြားနားပါပဲ"

နေ့စဉ် သွားလာနေထိုင်ရတာ မလုံခြုံတော့တဲ့အတွက် အခုလို လွတ်မြောက်ဖို့ ကြိုးစားလာကြတာလို့ မြစ်ကြီးနားမြို့ခံ လူငယ်တစ်ဦးက ပြောပါတယ်။

“၂၀၂၄ ဒီဥပဒေမပြဋ္ဌာန်းခင်ထိ လူတိုင်းကိုယ်စီကိုယ်စီ ကိုယ့်အိပ်မက်နဲ့ကိုယ်ရှိကြတာပေါ့။ ဒီဥပဒေပြဋ္ဌာန်းပြီးတဲ့နောက်ပိုင်းကျတော့ ဒီအိပ်မက်တွေ အကောင်အထည်ဖော်ဖို့အတွက်က တော်တော်လေးကို အခက်အခဲဖြစ်စေတယ်။ ပြီးတော့ လက်တွေ့မှာဆို အပြင်သွားတာ၊ လာတာက အစ ဥပမာ စားသောက်ဆိုင်တစ်ခုခုသွားရင်တောင်မှ မလုံခြုံတော့ဘူးလား အဲလို အဘက်ဘက်ကနေ ကိုယ့်ရဲ့ လုံခြုံရေးအပေါ်မှာ ရိုက်ခတ်လာတာပေါ့”

ပြည်တွင်းမှာ မလုံခြုံတော့လို့ ပြည်ပနိုင်ငံတွေကို နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာကြတဲ့ လူငယ်တွေဟာ အခက်အခဲတွေနဲ့ ကြုံနေရဆဲဖြစ်ပါတယ်။

ဒီရက်ပိုင်းမှာပဲ ထိုင်းနိုင်ငံကိုရောက်နေတဲ့ ကချင်ပြည်နယ်က လူငယ်တစ်ဦးဖြစ်တဲ့ မလဘန်က မြန်မာပြည်က ထွက်လာပြီးတဲ့နောက် တစ်ဘက်နိုင်ငံမှာ တရားဝင်နေထိုင်ခွင့်ရဖို့ ကြိုးစားနေရပါတယ်။

“မလုံခြုံမှုခံစားရတဲ့ လူငယ်တွေက အားလုံးလောလောဆယ်ဒီဘက်ရောက်တော့ ဗီဇာနဲ့ နေထိုင်နိုင်ဖို့ ခက်ခဲနေတယ် အလုပ်တွေရဖို့လည်း ခက်ခဲနေတယ်။ လောလောဆယ်ဒီဘက်ကိုရောက်တော့ ချက်ချင်းဆိုသလိုကတော့ ဒီမှာ ဗီဇာနဲ့ နေနိုင်ဖို့ဆိုတာ တစ်ခုခု တရားဝင်နေထိုင်ခွင့်ရဖို့အတွက်တော့ လောလောဆယ်ခက်ခဲနေတယ်ပေါ့နော်”

ပြည်သူ့စစ်မှုထမ်း ဥပဒေထွက်ပြီးနောက် မလေးရှားကို ထွက်လာကြတဲ့ ကချင်လူငယ်တွေ များလာတယ်လို့ မလေးရှား ကချင်ဒုက္ခသည်ကော်မတီ (Kachin Refugee Committee) ဥက္ကဋ္ဌ ဦးလဆိုင်းက ပြောပါတယ်။

“သူတို့ အမိန့်ထုတ်ပြန်ပြီး နှစ်ပတ်နောက်ပိုင်းမှာက ဒီမလေးရှားဘက်ကို လာတဲ့လူက ပုံမှန်ထက် တစ်ဆကျော် ပိုများလာတယ်။ အခု ဒါက မလေးရှားက အခြေအနေပေါ့နော်၊ ထိုင်းဘက်တွေရော၊ ဒီအိန္ဒိယဘက်တွေရော ဒီ ကျွန်တော်နဲ့ ပြောဖြစ်ကြတယ် အဲဘက်ကနေ လူတွေ ဒီကြေညာပြီး နှစ်ပတ်နောက်ပိုင်းမှာ သိသိသာသာ နယ်စပ်ဖြစ်ကျော်တာ များတယ်ဆိုတာတော့ သိရတာပေါ့”

မလေးရှားမှာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီပေးတာ မရှိသလို အလုပ်အကိုင်အခွင့်အလမ်းလည်း နည်းပြီး တရားမဝင်နေထိုင်သူတွေကို အဖမ်းအဆီးများနေတာကြောင့် မလေးရှားရောက် မြန်မာတွေလည်း ခက်ခဲနေကြတယ်လို့ ပြောပါတယ်။

မလေးရှားအစိုးရရဲ့ ဖမ်းဆီးမှုကြောင့် အခုလက်ရှိအချိန် တရားမဝင်နေထိုင်လို့ ဖမ်းဆီးထောင်ကျနေရတဲ့ ကချင်လူငယ် အနည်းဆုံး အယောက် ၆၀ လောက်ရှိတယ်လို့ သူက ဆိုပါတယ်။

စစ်မှုထမ်းရမှာကို စိုးရိမ်တဲ့အတွက် မလေးရှားကို တရားမဝင် (မှောင်ခိုလမ်း) ကနေ ဝင်ရောက်နေထိုင်နေတဲ့ ကချင်လူငယ် နော်အောန့်လည်း မလေးရှားမှာ အဖမ်းအဆီးတွေများနေတဲ့အတွက် စိုးရိမ်စိတ်နဲ့ နေထိုင်နေရပါတယ်။

“ဒီရောက်လာတော့လည်း မြန်မာနိုင်ငံက ဖမ်းဆီးတာတွေ လွတ်မြောက်သွားတာတော့ ဟုတ်တယ်။ ဒါပေမဲ့ ဒီမှာလည်း ထူးမခြားနားလေနော်။ အခုအကုန်လုံးသိကြတဲ့အတွက် ဒီမလေးအစိုးရကလည်း တရားမဝင် လာရောက်နေထိုင်တဲ့လူတွေကို ဖမ်းဆီးနေတဲ့အချိန်ဆိုတော့ မထူးခြားနားပါပဲ”

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များမှ ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့်ကို တွေ့ရစဉ်။ (Photo: Jabatan Imigresen Malaysia)
၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များမှ ရွှေ့ပြောင်းအလုပ်သမားများအား စစ်ဆေးနေသည့်ကို တွေ့ရစဉ်။ (Photo: Jabatan Imigresen Malaysia)

ဒီဥပဒေကြောင့် လူငယ်တွေရဲ့ အနာဂတ်တွေပျောက်နေရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ မိုးကောင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းနိုင်က ပြောပါတယ်။

“အခက်အခဲကတော့ ရှိနေတာပေါ့နော် အဓိက ကတော့ လူငယ်တွေအားလုံးမှာ အခွင့်အလမ်းတွေအတွက် ရုန်းကန်ကြရတာကိုး၊ ပညာရေးအခွင့်အလမ်းပဲဖြစ်ဖြစ်၊ အလုပ်အကိုင်အခွင့်အလမ်းပဲဖြစ်ဖြစ် အဲဒီဟာကို တိုက်ရိုက်အနှာင့်အယှက်ပေးမယ့်ဟာပေါ့ အဲလိုပဲ မြင်တယ်။ အဓိကကတော့ ဒီဟာကို အကြောင်းပြုပြီးတော့ သူတို့ ညွှန်ကြားချက်တွေထုတ်မယ်၊ အောက်မှာ အလွဲသုံးစားတွေ ကမောက်ကမတွေဖြစ်မယ်၊ စတေးခံရတာ ကျွန်တော်တို့ရဲ့ အနာဂတ်လူငယ်တွေပဲဖြစ်တယ်၊ အဲလိုပဲ သုံးသပ်တာပေါ့လေ”

ဒီဥပဒေအရ အမျိုးသားတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်၊ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၂၇ နှစ်အထိ အသက်အရွယ်ရှိသူတွေ စစ်မှုထမ်းရမှာပါ။

ကျွမ်းကျင်သူတွေလို့ သတ်မှတ်ထားတဲ့ ဆရာဝန်၊ အင်ဂျင်နီယာ၊ စက်မှုလက်မှုပညာ တတ်မြောက်သူ ဒါမှမဟုတ် အခြားအတတ်ပညာ တစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်း နေသူတွေကတော့ အမျိုးသားဆိုရင် အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိနဲ့ အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ စစ်မှုထမ်းရမှာဖြစ်ပါတယ်။

ဒီဥပဒေကို အသက်သွင်းပြီးနောက် တစ်နှစ်ကို အင်အား ငါးသောင်းနှုန်း ခေါ်ယူသွားမယ်လို့ စစ်ကောင်စီရဲ့ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဖေဖော်ဝါရီလ ၁၅ ရက်ထုတ် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ သတင်းစာတွေမှာ ထုတ်ပြောထားပါတယ်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင် စာရင်းအရ စစ်မှုထမ်းဖို့ အကျုံးဝင်သူ အနည်းဆုံး ၁၃ သန်းရှိနေပြီး အဲဒီထဲက ခေါ်ယူသွားမယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောထားပါတယ်။ ဒီဥပဒေအရ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရသူက တာဝန်မထမ်းဆောင်ဘဲ အကြောင်းပြငြင်းဆိုမယ်ဆိုရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမှာဖြစ်ပါတယ်။