စစ်မှုထမ်းဥပဒေကြောင့် အာဏာရှင်ဆန့်ကျင်ရေးအဖွဲ့တွေဆီ ဆက်သွယ်လာသူ တစ်သောင်းကျော်ရှိ

ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်နဲ့ ကယားပြည် (ကရင်နီပြည်) တွေမှာ စစ်ရေးရှုံးနိမ့်နေတဲ့ စစ်ကောင်စီဟာ တပ်အင်အား ဖြည့်တင်းဖို့အတွက် နိုင်ငံသားတိုင်း စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ အသက်သွင်းလိုက်ပါတယ်။

"ဆက်သွယ်လာသူ တစ်သောင်းသုံးထောင်ခန့် ရှိပါတယ်"

အဲဒီဥပဒေထွက်လာပြီးနောက် စစ်ကောင်စီလက်အောက်မှာ စစ်မှုမထမ်းလိုလို့ ပြည်သူ့ရင်ခွင်အဖွဲ့ကို ဆက်သွယ်လာသူ တစ်သောင်းသုံးထောင်ကျော်ပြီလို့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ပါဝင်တဲ့ CDM ဗိုလ်ကြီး လင်းထက်အောင် က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ ပြည်သူ့ရင်ခွင် လူမှုစာမျက်နှာမှာ အတင်းအဓမ္မ စုဆောင်းခံရတဲ့အခါ ဆက်သွယ်ဖို့ ကူညီဆောင်ရွက်ပေးမယ်ဆိုတဲ့ ပို့စ်တင်လိုက်ပြီးတဲ့နောက် ဆက်သွယ်လာသူ တစ်သောင်းသုံးထောင်ခန့် ရှိပါတယ်။ အမျိုးသားတွေ ပိုပြီးတော့များတယ်။ ဆက်သွယ်လာတဲ့သူတွေကို အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့အခါ ဘယ်လိုရှောင်ရှားရမယ်။ ဘယ်လိုလုပ်ရမယ်ဆိုတဲ့ အကြံဉာဏ်တွေ အဓိကထား ပြောပေးတယ်။ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်သွယ်ဖို့ဆိုတာတွေ အဓိကထားပြီး အကြံပေးတယ်”

ဒါ့အပြင် ဖေဖော်ဝါရီလ တစ်လအတွင်းမှာပဲ စစ်ကောင်စီတပ်သားနဲ့ ရဲ ခုနစ်ဆယ်လောက် CDM လှုပ်ရှားမှုမှာ ပါဝင်လာကြတယ်လို့ သူက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဆီကို ဆက်သွယ်လာသူတွေလည်းရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ပြောပါတယ်။

“အရေအတွက်ကိုတော့ ကျွန်တော်တို့ လုံခြုံရေးအရ ပြောလို့မရပါဘူး။ အင်မတန်များပြားတဲ့ အရေအတွက် ရှိပါတယ်။ သူတို့က နဂိုကတည်းက တော်လှန်ရေးတာဝန်ထမ်းဆောင်ဖို့ ဝင်ရောက်လာတာဖြစ်တဲ့အတွက် သက်ဆိုင်တဲ့ တပ်ရင်းတပ်ဖွဲ့၊ ပကဖတွေဆီမှာ သင်တန်းတွေ တက်ပြီးတော့ ဆက်ပြီးတာဝန်ထမ်းဆောင်သွားဖို့ ရှိပါတယ်”

ဒါ့အပြင် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အတင်းအကျပ် စစ်မှုထမ်းခိုင်းတဲ့ ဘယ်သူ့ကိုမဆို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူမယ်လို့ ဆိုပါတယ်။

ပြည်တွင်းက လူငယ်တွေဟာ စစ်မှုထမ်းဥပဒေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေဆီ ဆက်သွယ်သူတွေရှိသလို နည်းလမ်းပေါင်းစုံနဲ့ ပြည်ပထွက်သူတွေလည်းရှိပါတယ်။

ထိုင်းနိုင်ငံမှာ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးနေတဲ့ New Myanmar Foundation အဖွဲ့ကို ဆက်သွယ်လာသူ ၁၂၀ ကျော်ရှိပြီး နိုင်ငံသားတွေကို အတင်းအကျပ် စစ်မှုထမ်းစေတာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ New Myanmar Foundation အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ ဒေါက်တာစန်းအောင်က ပြောပါတယ်။

“ကျွန်တော်တို့လည်း နိုင်ငံတကာကို ပြောနေတာကတော့ ဒါဟာ လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်။ ပြည်ပရန်ရှိလို့ ဥပမာ ယူကရိန်းလို တိုက်နေရတယ်ဆိုရင်တော့ တစ်မျိုးပေါ့လေ။ ဒါက လူသားတွေရဲ့ ဂုဏ်သိက္ခာတွေလည်း ညှိုးနွမ်းတယ်။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုပေါ့နော်”

ရန်ကုန်မြို့မှာ အလုပ်လုပ်နေရာကနေ စစ်မှုထမ်းဥဒေကြောင့် မကြာသေးခင်က ထိုင်းနိုင်ငံကို ရွှေ့ပြောင်းလာသူ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အသက် နှစ်ဆယ်ဝန်းကျင် လူငယ်တစ်ဦးက ဒီစစ်မှုထမ်း ဥပဒေကြောင့် သူ့အနာဂတ်အိပ်မက်တွေ ပျက်စီးခဲ့ရပြီလို့ RFA ကို ပြောပါတယ်။

“ဧည့်စာရင်းတိုင်ပြီး နေရတဲ့သူတွေအတွက် ဒါကပိုပြီးတော့ ခြိမ်းခြောက်မှုတွေဖြစ်တယ်။ ကျွန်တော် လုပ်ခဲ့တဲ့ အလုပ်တွေမှာလည်း နေရာတစ်ခုအထိ ရောက်ခဲ့တယ်။ ကျွန်တော် မျှော်မှန်းထားတဲ့ နေရာတစ်ခုအထိ ရောက်လာမယ်ဆိုတဲ့ ယုံကြည်ချက်တွေရှိတယ်။ ဒါပေမဲ့ အခုကျတော့ အဲဒီ ရည်မှန်းချက်တွေ ပျက်စီးသွားပြီ”

စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာရှိနေသူတွေကလည်း စစ်တပ်ထဲဝင်ရမယ့် အရေးကို စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းနှင့် မနော်ဟရီလမ်းထောင့်ရှိ ထိုင်းသံရုံးမှာ ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေကြသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်မြို့ ဒဂုံမြို့နယ် ပြည်လမ်းနှင့် မနော်ဟရီလမ်းထောင့်ရှိ ထိုင်းသံရုံးမှာ ဗီဇာပြုလုပ်ရန် စောင့်ဆိုင်းနေကြသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းမှာ နေထိုင်တဲ့ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးကတော့ သူ စစ်တပ်ထဲဝင်ရရင် ကျန်ခဲ့တဲ့ မိသားစုတွေ စားဝတ်နေရေးနဲ့ ကျန်းမာရေးအတွက် အခက်အခဲ ဖြစ်လာမှာ စိုးရိမ်နေပါတယ်။

“ကျွန်တော်တို့မှာလည်း မိသားစု အခက်အခဲတွေရှိတယ်။ ကျွန်တော်က တစ်ယောက်တည်း အနောက်မှာလည်း မိဘတွေကို လုပ်ကျွေးမယ့်သူလည်း မရှိတော့ဘူး။ အဲလို အခက်အခဲလေးတွေရှိတာပေါ့”

စစ်မှုထမ်းဥပဒေကို အသက်သွင်းလိုက်တဲ့အပေါ် စစ်ကောင်စီကို နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်နေပေမယ့် စစ်ကောင်စီကတော့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ကို ဖွဲ့စည်းပြီး စစ်သင်တန်း လေ့ကျင့်ရေးကျောင်းတွေ အဆင်သင့်ဖြစ်နေပြီလို့ ကြေညာထားပါတယ်။

လာမယ့် ဧပြီလမှာ စစ်မှုထမ်းဆင့်ခေါ်ရေး လုပ်ငန်းတွေ စတင်မယ်လို့ ထုတ်ပြန်ထားသလို စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရချိန်မှာ ပျက်ကွက်ရင် ထောင်ဒဏ် ငါးနှစ်အထိ ပြစ်ဒဏ်ချမှတ်ခံရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။