ဗိုင်းရပ်စ်ပျံ့နှံ့မှုကြား ကိုရီးယားနဲ့ဂျပန်က မြန်မာနိုင်ငံသားတွေ အခြေအနေ
2020.02.26
ကိုရိုနာဗိုင်းရပ်စ် ရောဂါပြန့်ပွားလာနေတဲ့ နိုင်ငံတွေထဲမှာကူးစက်ပြန့်ပွားမူဟာ တရုတ်နိုင်ငံပြီးရင် ကိုရီးယားနဲ့ ဂျပန်နိုင်ငံတွေဖြစ်ကြပါတယ်။ ကိုရီးယားနဲ့ ဂျပန်နိုင်ငံဆိုတာလည်း မြန်မာနိုင်ငံသားတွေ သောင်းနဲ့ချီရှိနေပြီး အလုပ်လုပ်နေတဲ့နိုင်ငံတွေပါ။
ကိုရီးယားနိုင်ငံမှာ ရောဂါပြန့်ပွားမှုဟာ နိုင်ငံအလယ်ပိုင်း ဒေဂူးဆိုတဲ့မြို့က စတင်ခဲ့တာဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်အရ ဘာသာရေးဂိုဏ်းတခုရဲ့ တရားဟောဆရာတွေကတဆင့် ကူးစက်ခဲ့တာလို့ ဆိုပါတယ်။အွန်ချွန်းမြို့မှာ နေထိုင်သူ ကိုရန်နိုင်ထွန်းသီ ကတော့ တရားဟောဆရာတွေက တဆင့်ကူးစက်ခဲ့တာလို့ပြောပါတယ်။
ဒေဂူးမြို့ဟာ စက်ရုံတွေအများအပြားရှိတဲ့မြို့ဖြစ်ပြီး မြန်မာနိုင်ငံသားတွေလည်း သောင်းနဲ့ချီရှိနေပါတယ်။ ဒေဂူးမြို့မှာ အလုပ်လုပ်နေတဲ့ ကိုကျော်ကျော်ဝင်းက ဒေဂူးဟာ တောင်ကိုရီးယားမှာ တတိယအကြီးဆုံးမြို့ဖြစ်ပြီး စက်ရုံတွေအများအပြားရှိသလို အလုပ်ရှင်တွေက စက်ရုံလုပ်သားတွေကို သွားလာခွင့်တွေ ကန့်သတ်ထားတယ်လို့ပြောပါတယ်။
မြန်မာနိုင်ငံသားတွေထဲက ရောဂါဖြစ်ပွားသူရှိတယ်ဆိုတာ မကြားသိရသေးဘူးလို့ ဆိုပါတယ်။ ကိုရီးယားမှာ အလုပ်လုပ်နေသူ မြန်မာနိုင်ငံသား သုံးသောင်းကျော်ရှိပြီး ခုလိုရောဂါပြန့်ပွားလာတာကြောင့် မြန်မာနိုင်ငံကို ပြန်ချင်သူတွေရှိနေပြီး ဆိုးလ်မြို့က မြန်မာသံရုံးကို ဆက်သွယ်လာသူတွေရှိတယ်လို့ အလုပ်သမားသံအရာရှိ ဦးဇေယျာတင်ဝင်းထင်က ပြောပါတယ်။
ကိုရီးယားနိုင်ငံတွင်းမှာ စက်ရုံအလုပ်ရုံတွေ လည်ပတ်နေဆဲဖြစ်ပြီး ရောဂါပြန့်ပွားမှုမဖြစ်အောင် အလုပ်ရှင်တွေက အလုပ်သမားတွေ သွားလာမှုတွေနဲ့ပတ်သက်ပြီး ကန့်သတ်တာမျိုးတွေတော့ ရှိနေပါတယ်။ အလားတူ ကူးစက်ခံရသူတွေထဲမှာ စစ်တပ်တွင်းကူးစက်ခံရသူ ၂၀လောက်ရှိပြီး လူ၉၅၀၀ ကျော်ကို သီးသန့်ခွဲပြီးထားရှိနေတာဖြစ်ပါတယ်။
မြန်မာနိုင်ငံသားတွေ အများအပြားရှိနေတဲ့ ဂျပန်နိုင်ငံဟာလည်း ရောဂါကူးစက်မှုများနေပါတယ်။ ဂျပန်မှာလည်း မြန်မာနိုင်ငံသားထဲက ရောဂါဖြစ်ပွားတယ်ဆိုတာ မကြားသိရသေးဘူးလို့ဆိုပါတယ်။ ဂျပန်နိုင်ငံမှာ ရောဂါအဖြစ်များတာ နိုင်ငံမြောက်ပိုင်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ တိုကျိုမြို့က ကိုကျော်ကျော်စိုးက ဂျပန်အစိုးရအနေနဲ့ ရောဂါတိုက်ဖျက်ရေးအတွက် ပြင်ဆင်မှုတွေ လုပ်နေတယ်လို့ပြောပြပါတယ်။
လက်ရှိမှာတော့ ဂျပန်နိုင်ငံမှာ အလုပ်လုပ်နေတဲ့မြန်မာနိုင်ငံသားတွေထဲက ရောဂါဖြစ်ပွားသူ ရှိတယ်ဆိုတာ မကြားသိရသေးသလို စိုးရိမ်ကြောင့်ကြပြီး မြန်မာနိုင်ငံကို ပြန်သူဆိုတာလည်း မရှိသေးဘူးလို့ သိရပါတယ်။