အာဏာသိမ်းသုံးနှစ်ပြည့် ရန်ကုန်အပါအဝင် မြို့ကြီးတချို့မှာ အသံတိတ်သပိတ်ပြုလုပ်
2024.02.01
စစ်တပ်အာဏာသိမ်းတာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ဒီနေ့ဆိုရင် သုံးနှစ်ပြည့်ပြီဖြစ်ပါတယ်။
ဒီနေ့မှာတော့ အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ လမ်းမတွေပေါ်မထွက်တဲ့ အသံတိတ်သပိတ် လှုပ်ရှားမှုကို ရန်ကုန် အပါအဝင် မြို့ကြီးတချို့မှာပြုလုပ်ခဲ့ပါတယ်။
ရန်ကုန်အပြင် မန္တလေးတိုင်းက မန္တလေးနဲ့ မိုးကုတ်၊ စစ်ကိုင်းတိုင်းက မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ရွှေဘို၊ မကွေးတိုင်းက မြိုင်၊ မွန်ပြည်နယ်က မုဒုံ၊ ပဲခူးတိုင်းက ကဝ၊ ရှမ်းပြည်နယ်တောင်ပိုင်းက ရွာငံ၊ ကချင်ပြည်နယ်က ဖားကန့် စတဲ့မြို့တွေမှာ အသံတိတ်သပိတ်တွေ လုပ်ခဲ့တာပါ။
ဒါဟာ RFA ကရရှိတဲ့ အချက်အလက်သာဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုပြီး များပြားနိုင်ပါတယ်။
ရန်ကုန်မှာ ဒီနေ့မနက် ၁၀ နာရီနောက်ပိုင်းကစပြီး လမ်းမတွေပေါ် လူသွားလူလာ နည်းသွားသလို စစ်ကောင်စီတပ်သားတွေလည်း အရင်ရက်ကထက် လုံခြုံရေး တင်းကျပ်ထားတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေပြည်သာမြို့ခံတစ်ဦးက ရပ်ကွက်တွေထဲမှာ စစ်ကောင်စီတပ်သား၊ ရဲတပ်ဖွဲ့၊ ထွေအုပ်နဲ့ စည်ပင်ပေါင်းပြီး ဈေးမရောင်းဘဲ ပိတ်ထားတဲ့ဆိုင်တွေကို လိုက်စစ်ခဲ့တယ်လို့ RFA ကိုပြောပါတယ်။
“သူတို့က လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ ဆိုင်တွေ မဖွင့်တာတွေ၊ မဖွင့်တဲ့ဆိုင်တွေ ဓာတ်ပုံရိုက်တယ်။ စစ်တပ်ရယ်၊ ရဲရယ်၊ စည်ပင်ရယ်၊ ရယကရယ် လေးဖွဲ့။ ဒီနေ့က မြို့တော်ခန်းမအရှေ့မှာ ပွဲရှိတယ်လေ။ အဲဒီပွဲအတွက်ကို ဘုန်းကြီးငါးပါး။ လူ ၉၅ ယောက် အဲဒီကိုသွားတာ။ မြို့နယ်ကြီးရင် လူတစ်ရာ မြို့နယ်သေးရင် လူငါးဆယ်”
ရန်ကုန်မြို့က အသံတိတ်သပိတ် လှုပ်ရှားမှုမှာပါဝင်သူ ကိုကောင်းကလည်း တစ်နိုင်ငံလုံးရဲ့ အသံတိတ်သပိတ်မှာ ပါဝင်မှုဟာ စစ်အာဏာရှင်တွေအတွက် အရှုံးတွေနဲ့ရင်ဆိုင်နေရပြီဆိုတာ ပြသတာလို့ RFA ကိုပြောပါတယ်။
“တစ်နိုင်ငံလုံးရဲ့ ပြည်သူလူထုရဲ့အားကို ပြတဲ့ပွဲဖြစ်တယ်။ နောက်ပြီးတော့ ပြည်သူတွေရဲ့အားကို ရန်သူသည် တုန်လှုပ်ခြောက်ခြား ကြောက်ရွံ့ပြီးတော့ အရှုံးတွေနဲ့ရင်ဆိုင်နေရပြီ အခုဒီပွဲမှာလည်း အင်နဲ့အားနဲ့ တစ်နိုင်ငံလုံးရဲ့ ပြည်သူလူထုတွေသည် သွေးအေးမသွားဘူး။ တော်လှန်ရေးမှာ ပါဝင်နေဆဲဖြစ်တယ်။ စစ်အာဏာရှင်ကို ရွံ့မုန်းပြီးတော့ စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ တိုက်ပွဲဝင်နေဆဲဖြစ်တာကို ပြသလိုတဲ့ ရည်ရွက်ချက်တစ်ခုပဲ ဖြစ်တယ်”
ရန်ကုန်မြို့မှာ ဆန္ဒပြလှုပ်ရှားမှုတွေလုပ်နေတဲ့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့ဥက္ကဋ္ဌ ကိုရေဘဝဲကတော့ အာဏာသိမ်း သုံးနှစ်ပြည့်အလွန်မှာလည်း လက်နက်မဲ့စစ်အာဏာရှင်ဆန့်ကျင်ရေးတွေ ပိုပြီးတိုးမြှင့်လုပ်ဆောင်သွားမယ်လို့ RFA ကိုပြောပါတယ်။
“သုံးနှစ်ပြည့်အလွန်မှာ ကျွန်တော်တို့တွေ ဒီထက်ပိုပြီးတော့ အားကောင်းတဲ့၊ ဆန်းသစ်တဲ့ လက်နက်မဲ့ အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှုနည်းနာတွေနဲ့ ဆက်ပြီးတော့ အရှိန်အဟုတ်မြှင့် တိုက်ပွဲဝင်သွားဖို့ရှိပါတယ်။ လူထုအနေနဲ့ စစ်ကောင်စီရဲ့ မတရားဖမ်းဆီးမှုတွေ၊ သတ်ဖြတ်မှုတွေ၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ချိုးဖောက်မှုတွေကြားကနေ ကြံ့ကြံ့ခံပြီးတော့ အခုအချိန်အထိ တော်လှန်ရေးမှာ ပုံသဏ္ဍာန်မျိုးစုံံနဲ့ ပါဝင်ပေးခဲ့တာ ကျေးဇူးတင်ပါတယ်”
မန္တလေးမြို့မှာလည်း ဒီနေ့မနက် ၁၀ နာရီကစလို့ လမ်းမတွေပေါ်မှာ လူတွေ နည်းပါးနေပြီး အသံတိတ်သပိတ် လှုပ်ရှားမှုမှာ ပါဝင်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့ခံတစ်ဦးက ဒီနေ့မနက်ပိုင်း မန္တလေးမြို့မှာ လူသွားလူလာ အတော်ရှင်းသွားတယ်လို့ RFA ကိုပြောပါတယ်။
“မန္တလေးမြို့မှာ ၁၀ နာရီထိုးပြီး ၁၅ မိနစ်လောက်ကို လူသွားလူလာရှိတုန်းပဲ။ အဲဒီဆယ်ငါးမိနစ်နောက်ပိုင်းမှာ တော်တော်ကြီးကို လူတွေရှင်းသွားတာ တွေ့ရတယ်။ ပုံမှန်ဆိုရင်တော့ ဒီလိုရက်က စနေ၊ တနင်္ဂနွေရက် မဟုတ်ဘဲနဲ့ ပြည်သူတွေ သွားလာလှုပ်ရှားရတဲ့အချိန်မှာ သိသိသာသာ လူအရမ်းရှင်းသွားတယ်။ အထူးသဖြင့် ကျုံးဘေးလိုနေရာ၊ လမ်း ၃၀ ဘူတာကြီးလိုနေရာ၊ ၆၂ လမ်း သိပ္ပံလမ်းပေါ်တွေမှာ တော်တော်ကြီး လူရှင်းသွားတာ တွေ့ရပါတယ်”
စစ်ကိုင်းတိုင်း ဆာလင်းကြီးမြို့မှာလည်း အာဏာသိမ်း သုံးနှစ်ပြည့် လှုပ်ရှားမှုအဖြစ် ဒီနေ့မနက်အစောပိုင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က အသံတိတ်သပိတ်မှာပါဝင်ရေး ဆန္ဒပြလှုပ်ရှားမှု လုပ်ခဲ့ပါတယ်။
လူထုလှုပ်ရှားမှု ဦးဆောင်ပါဝင်သူ ဒေါက်တာတေဇာစန်းကတော့ စစ်ကောင်စီဟာ ရန်ကုန် အပါအဝင် မြို့ကြီးတချို့မှာ တပ်ထောက်ခံရေး လှုပ်ရှားမှုတွေလုပ်တာ၊ လူတွေကို လမ်းမတွေပေါ် မဖြစ်မနေ ထွက်လာအောင် လုပ်တာနဲ့ ဆိုင်းခန်းတွေမပိတ်ဖို့ ဖိအားပေးတာတွေကို အကြောက်တရားနဲ့ လုပ်နေတာလို့ RFA ကိုပြောပါတယ်။
“သူတို့လုပ်တက်တဲ့ အကြောက်တရား၊ ပြည်သူလူထုအပေါ် အနိုင်ကျင့်ဗိုလ်ကျမှု ဒါတွေပဲ တုံ့ပြန်မှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒါသည် အပြင်မထွက် အသံတိတ်သပိတ်ရဲ့ အာနိသင်ပေါ့ဗျာ။ ပြည်သူတစ်ရပ်လုံး ပါဝင်တဲ့စွမ်းပကားကို စစ်အုပ်စုက ကြောက်တယ်။ ကြောက်ဒူးတုန်နေတယ်ဆိုတာ သိသာထင်ရှား ပေါ် လွင်ပါတယ်ခင်ဗျ။ တစ်ချိန်တည်းမှာပဲ လူထုရဲ့ စုစည်းညီညွတ်မှုကို ပိုပြီးတော့ ပေါ်လွင်စေပါတယ်”
တစ်နိုင်ငံလုံး အသံတိတ်သပိတ် လှုပ်ရှားမှုလုပ်တဲ့ ဒီလိုနေ့မှာမှ စစ်ကောင်စီဟာ ဘာသာရေးအရ ဆန္ဒပြပွဲတွေနဲ့ စစ်တပ်ထောက်ခံပွဲတွေကို ရန်ကုန် အပါအဝင် မြို့နယ်အချို့မှာ လုပ်ခိုင်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့က လမ်းဆုံးလမ်းခွ နေရာအချို့မှာလည်း လမ်းမပေါ် လူသူကင်းရှင်းနေမှုကို ဓာတ်ပုံရိုက်သူ လူငယ်အချို့ ဖမ်းဆီးခံရတယ်လို့ သတင်းတွေ ထွက်နေပေမယ့် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။
နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၁ ရက် ဒီနေ့စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်တာ ကာလအတွင်း အရပ်သားနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄၄၇၄ ဦး သေဆုံးခဲ့ပြီး လူနှစ်သောင်းနီးပါက ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။