လေလံတင်ခံရမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင်နေအိမ်

စောဖိုးခွား (ဝါရှင်တန်ဒီစီ)
2024.02.04
လေလံတင်ခံရမဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သမိုင်းဝင်နေအိမ် ရန်ကုန်မြို့၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် ၅၄ နေအိမ်တွင် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့က ဗြိတိန်နိုင်ငံခြားရေးဌာန ဝန်ကြီးဟောင်း William Hague နှင့်အတူ တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။
Photo: AFP

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံက စစ်အာဏာရှင်အဆက်ဆက်ကို အာခံ၊ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ရင်း ဒီအိမ်ကြီးထဲမှာ ၁၅ နှစ်နီးပါးကြာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ဖြတ်တောက် ပိတ်လှောင်ခံခဲ့ရဖူးပါတယ်။

၁၉၈၈ ခုနှစ် မိခင်နေမကောင်းလို့ မြန်မာပြည်ကို ပြန်လာပြီးကတည်းက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ် ၅၄ နေအိမ်မှာပဲ နေရင်း စစ်အာဏာရှင်တွေကို တွန်းလှန်ခဲ့တာပါ။

" စိတ်ကြည်နူးပျော်ရွှင်ဖို့ ကောင်းတဲ့အချိန်ကာလတွေမဟုတ်ပေမဲ့လည်း ဒီအိမ်ကြီးထဲမှာ ကျွန်တော့်မိသားစုအတွက် အမှတ်ရစရာတွေကတော့ အများကြီးပါပဲ။ ကျွန်တော့အဖွားဆုံးလို့ မြန်မာပြည်ပြန်ကြတဲ့အခါ ကျွန်တော်လည်းဒီအိမ်ကြီးထဲမှာ နေဖူးခဲ့ပါတယ်။ ကျွန်တော့်အမေ ပထမဆုံးအကြိမ် နေအိမ်အကျယ်ချုပ်အချခံရတော့လည်း ဒီအိမ်ကြီးထဲမှာ ကျွန်တော်နေခဲ့ရပါတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်အဲရစ်က ပြောပြပါတယ်။

အဲဒီအချိန်ကတည်းကစလို့ ဒေါ်အောင်ဆန်းစုကြည်တို့ မိသားစုဝင်တွေ တစ်စုတစ်စည်းတည်း ဘယ်တော့မှ ပြန်မဆုံနိုင်တော့ပါဘူး။

အကျဉ်းစံဘဝနဲ့ အဆက်အသွယ်အားလုံး ဖြတ်တောက်ခံခဲ့ရတာမို့ ခင်ပွန်းသည်ဖြစ်သူ မိုက်ကယ်အဲရစ် ကွယ်လွန်တဲ့အချိန်မှာလည်း အနားမှာ မရှိပေးနိုင်ခဲ့သလို၊ အကြမ်းမဖက် ဒီမိုကရေစီရေးလှုပ်ရှားသူအဖြစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရတဲ့အချိန်မှာလည်း ဒီအိမ်ကြီးထဲကနေပဲ ရေဒီယိုကနေတစ်ဆင့် နားထောင်ခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က ပြန်လွတ်လာတဲ့အခါမှာတော့ ဒီအိမ်ကြီးဟာ ထင်ရှားကျော်ကြားတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ လာရောက်တဲ့ သမိုင်းဝင်အိမ်ကြီး ဖြစ်လာပါတယ်။

"ဒီအိမ်ကြီးကို ကျွန်တော့်အမေက ပရဟိတလုပ်ငန်းတွေလုပ်တဲ့နေရာမှာသုံးဖို့ ရည်ရွယ်ထားတာပါ။ ကျွန်တော့်အဖွားနာမည်နဲ့ ထောင်ထားတဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ပရဟိတလုပ်ငန်းတွေအတွက် သုံးဖို့စီစဉ်ထားတာပါ။ အခုအာဏာသိမ်းပြီးနောက်မှာတော့ စစ်တပ်ဟာ ပရဟိတလုပ်ငန်းတွေအတွက် သုံးဖို့ လုပ်ထားတဲ့ ကျွန်တော့်အမေရဲ့ တခြားပိုင်ဆိုင်မှုတွေကိုလည်း သိမ်းထားတယ်"

ဒါပေမဲ့ အခုစစ်အာဏာသိမ်းပြီးနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည် ရည်ရွယ်ထားသလို မဖြစ်နိုင်တော့ဘဲ စစ်ကောင်စီက ဒီအိမ်ကြီးကို ကြမ်းခင်းဈေး ကျန်သိန်းပေါင်း သုံးသန်းတစ်သိန်းငါးသောင်းနဲ့ လေလံတင်ရောင်းချဖို့ ပြင်ဆင်နေပါတယ်။

ဒီအိမ်ကြီးဟာ ၁၉၄၇ ခုနှစ် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရလို့ ကွယ်လွန်ပြီးနောက်မှာ သူ့ရဲ့ဇနီး ဒေါ်ခင်ကြည်နဲ့ မိသားစုနေထိုင်ဖို့ နိုင်ငံတော်အစိုးရက ချီးမြှင့်ခဲ့တဲ့အိမ် ဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးတို့အကြား မိသားစုအမွေဆိုင်ပြဿနာတွေ ဖြစ်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည်က ပရဟိတလုပ်ငန်းအတွက် ဒီအိမ်ကြီးကို အသုံးချချင်ခဲ့ပေမဲ့ ဦးအောင်ဆန်းဦးကတော့ ‌လေလံတင်ရောင်းချပြီး ရတဲ့ငွေကို မောင်နှမ နှစ်ယောက်ခွဲဝေယူချင်ခဲ့တာဖြစ်ပါတယ်။

၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ခြံအမှတ် ၅၄ ဝင်းထဲတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား။ (Photo: AFP)
၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က ခြံအမှတ် ၅၄ ဝင်းထဲတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတဟောင်း ဘားရက်အိုဘားမား။ (Photo: AFP)

၂ဝဝဝ ပြည့်နှစ်မှာစခဲ့တဲ့ ဒီအမှုမှာ နှစ်ဖက်လျှောက်လဲ အယူခံတွေတက်ခဲ့ကြတာဖြစ်ပြီး၊ ၂၄ နှစ်အကြာ ဒီကနေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ဦးအောင်ဆန်းဦးကို အနိုင်ပေးလိုက်တာပါ။

"ဒီလိုလေလံတင်မယ်လို့ ဆုံးဖြတ်လိုက်တာ ကျွန်တော်တော်တော်စိတ်မကောင်းဖြစ်ရတယ်။ ကျွန်တော့်အမေက အခုထောင်တွင်း အကျဉ်းချခံထားရ၊ ရှေ့နေတွေတောင် သူနဲ့တွေ့ခွင့်မရတော့ ဒါနဲ့ပတ်သက်လို့ ဘာမှမပြောနိုင်ဘူး။ ကျွန်တော့်ဦးလေးက ဒီအိမ်ကြီးနဲ့ ပတ်သက်လို့ အမွေဆိုင်ခွဲတာကို အမေက တရားရေးအရ ခုခံခဲ့ပါတယ်။ အခုတော့ သူထောင်ကျနေတော့ ပြန်မခုခံနိုင်ဘူး။ တကယ်လို့သူသာ အပြင်မှာ လွတ်လွတ်လပ်လပ်ရှိမယ်ဆိုရင် တရားဥပဒေအရ ပြန်ရင်ဆိုင်မှာပဲ "

"ကျွန်တော့်ဦးလေးက အမေရိကန်နိုင်ငံသားဖြစ်နေပါပြီ။ နိုင်ငံခြားသားတစ်ယောက်ဟာ အိမ်ရောင်းဝယ်ဖောက်ကားခွင့် ပိုင်ဆိုင်ခွင့်မရှိရဘူးလို့ မြန်မာနိုင်ငံရဲ့ ဥပဒေမှာ ပြဋ္ဌာန်းထားတာမို့ ဒီအိမ်ပိုင်ဆိုင်ခွင့်ဟာ သူနဲ့ဘာမှမပတ်သက်တော့ပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့ အဖွားရှိကတည်းက အမေက အဲဒီအိမ်မှာ နေပြီး၊ နှစ်ပေါင်းများစွာ အိမ်ကိုထိန်းသိမ်းစောင့်ရှောက်ခဲ့တာ။ အဲဒီတော့ ဒီအိမ်ပိုင်ဆိုင်ခွင့်ကို ကျွန်တော့်အမေက ပိုရသင့်တယ်"

"ကျွန်တော်အသေအချာပြောနိုင်တာ တစ်ခုကတော့ ဒီအိမ်ကြီး လေလံတင်ရောင်းထွက်သွားမယ်ဆိုရင် ရတဲ့ပိုက်ဆံတွေ လုံးဝပျောက်ရှ အကျိုးမဲ့ကုန်မှာ အမှန်ပဲ။ ကျွန်တော့်အမေ ရရမဲ့ တစ်ဝက်ကို စစ်တပ်က သိမ်းသွားလိမ့်မယ်။ ကျန်တဲ့တစ်ဝက်ကိုတော့ ကျွန်တော့်ဦးလေးက ယူသွားလိမ့်မယ်။ မြန်မာပြည်သူတွေအတွက် ဘယ်နေရာမှာမှ သုံးမှာမဟုတ်ဘူး။ အကျိုးရှိမှာ မဟုတ်ဘူး"

စစ်တပ်က အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ဒီအိမ်ကြီးကို အမျိုးသားအဆင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အဖြစ် သတ်မှတ်တယ်လို့ ကြေညာထားပါတယ်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့မြင်ရသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) မျက်နှာစာရှေ့ မြင်ကွင်း။ (Photo: RFA)
၂ဝ၁၅ ခုနှစ် နိုဝင်ဘာလ ၅ ရက်နေ့က တွေ့မြင်ရသည့် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း၊ ခြံအမှတ် (၅၄) မျက်နှာစာရှေ့ မြင်ကွင်း။ (Photo: RFA)

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့ စစ်အာဏာရှင်အဆက်ဆက် နေအိမ်အကျယ်ချုပ်နဲ့ ဖြတ်သန်းခဲ့ရပေမဲ့ အခုတခေါက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်အာဏာသိမ်းပွဲမှာတော့ အကျယ်ချုပ်တောင် နေခွင့်မရဘဲ နေပြည်တော်က အကျဉ်းထောင်ထဲမှာ အားလုံးနဲ့အဆက်အသွယ်ဖြတ် ပိတ်လှောင်ခံထားရတာ သုံးနှစ်ရှိပါပြီ။

သုံးနှစ်ကြာ ထောင်ထဲမှာနေနေရပေမဲ့ အခုအချိန်ထိ စိတ်ဓာတ်ကြံ့ခိုင်လျက်ရှိတယ်လို့ ဇန်နဝါရီလလယ်ပိုင်းက မိသားစုဆီရေးတဲ့ ပထမဆုံးစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်က ရေးသားထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။