ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှာစကား နှစ်ခွန်း

ခင်မောင်စိုး(ထိုင်းနိုင်ငံ)
2022.11.12
ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှာစကား နှစ်ခွန်း ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုအခမ်းအနားတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်။
Photo: Reuters

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးပြီး လက်ရှိနေပြည်တော် အကျဉ်းထောင်မှာ ပုဒ်မအများအပြားနဲ့ စွဲချက်တင် စစ်ဆေးခံနေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ နိုင်ငံရေးဆိုင်ရာသဘောထားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး ပြုလုပ်နိုင်တဲ့ကာလတစ်ခုမှာ အဖွဲ့ဝင်အားလုံးရဲ့ သဘောထားတွေကို သိရှိပြီးမှသာ ထုတ်ဖော်ပြောဆိုမယ်လို့ သူနဲ့တွေ့ခဲ့သူတချို့ကို မကြာခင်က ပြောလိုက်ပါတယ်။

NLD ဗဟိုကော်မတီဝင်တစ်ဦးက သူ့ရဲ့ကိုယ်ပိုင်သဘောထားတွေနဲ့ ရန်ကုန်ရုံးချုပ်ကို ရွေးကောက်ပွဲကော်မရှင်က ပို့တဲ့စာတွေကို လူတစ်ဦးကတဆင့်ပေးပို့ခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်က နောက်ကို အဲဒီလိုပေးပို့တာတွေကို ယူဆောင်မလာဖို့လည်း တားမြစ်ခဲ့ပါတယ်။

ဒါ့အပြင် သူ့အနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်စေ ဗဟိုကော်မတီဝင်ဖြစ်စေ တစ်ဦးချင်းရဲ့ သဘောထားအမြင် ပြောဆိုချက်တွေကို လက်ခံနားထောင်လိုခြင်းမရှိဘဲ စကားသယ်ဆောင်လာသူတွေကိုလည်း နောက်ကို အဲဒီလို စကားတွေ သယ်မလာဖို့နဲ့ ပေးတဲ့စာတွေကိုလည်း လက်မခံဖို့ တားမြစ်လိုက်တယ်လို့ RFA က စုံစမ်းသိရပါတယ်။

နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က လက်ရှိ နိုင်ငံခြားတိုင်းပြည်တွေမှာ လုပ်ဆောင်နေကြတဲ့ မြန်မာပြည်ဆိုင်ရာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ သူ့ရဲ့သားဖြစ်သူ ကိုထိန်လင်းကို ပါဝင်ဆောင်ရွက်တာ မပြုစေဖို့ သက်ဆိုင်သူတွေကို ပြောလိုက်တယ်လို့ သိရပါတယ်။ ဒီလိုပြောဆိုတာဟာ သူ့ရဲ့ သားအနေနဲ့ မြန်မာပြည်ရဲ့ အခြေအနေကို သေချာမသိဘဲ ဝင်ရောက်ပြောဆိုလုပ်ကိုင်မိမှာကို စိုးရိမ်နေသလို သူ့သားကို လူတချို့ရဲ့ အသုံးချခံမဖြစ်အောင် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သတိထားနေပုံရတယ်လို့ အကဲခတ်တွေက ပြောပါတယ်။

မြန်မာ့အရေးလေ့လာသူ နိုင်ငံရေးသမား ဦးသန်းစိုးနိုင်က ဒေါ်အောင်ဆန်းစုကြည်ဟာ ခါးသီးတဲ့အတွေ့အကြုံတွေကနေ ခုလို ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

"CEC အပြင်ဘက်က ပြောကြ ဆိုကြ တိုက်တွန်းကြဆိုတဲ့ကိစ္စအမျိုးမျိုး ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမဲ့ ပါတီကိုတာဝန်ခံရမှာက CEC ပဲဖြစ်ပါတယ်။ ဒါကြောင့် CEC တွေနဲ့တွေ့ဆုံပြီး သူတို့ဆီက သတင်းအချက်အလက်တွေနားထောင်ပြီးမှ သူ့သဘောထားကိုဖော်ပြမယ်လို့ပြောတာဟာ အခြေအနေနဲ့ကိုက်ညီတဲ့ အလွန်မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့ ကျွန်တော့်အနေနဲ့ယူဆပါတယ်ဗျ။ နောက်တစ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကိုထိန်လင်းကိုနိုင်ငံရေးလောကထဲကို ဆွဲမသွင်းပါနဲ့လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောတယ်လို့လည်း သတင်းတစ်ရပ်ကြားရပါတယ်။ ကျွန်တော့်အမြင်ပြောရလို့ရှိရင်တော့ ပြင်ပမှာသူ့အနေနဲ့ သူ့အမေနဲ့ပတ်သက်ပြီးတော့ သူလုပ်သင့်လုပ်ထိုက်တာတွေတော့လုပ်ပါလိမ့်မယ်။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေးထဲမှာပါဝင်ဖို့ဆိုတဲ့ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည် လုံးဝသဘောတူနိုင်မှာမဟုတ်ပါဘူး။ အဲဒီလိုသဘောမတူနိုင်ဘူးဆိုတာ မြန်မာ့နိုင်ငံရေးက Dirty Politics ပါ။ အလွန်ယုတ်မာညစ်ညမ်းတဲ့နိုင်ငံရေးဖြစ်ပါတယ်။ ဒီလိုယုတ်မာတဲ့ ညစ်ညမ်းတဲ့အလုပ်တွေကို စစ်ကောင်စီတင်မဟုတ်ပါဘူး စစ်ကောင်စီကိုလိုလားတဲ့အင်အားစုတွေ၊ စစ်ကောင်စီနဲ့ဆက်စပ်ပတ်သက်နေတဲ့ခရိုနီတွေကလည်းလုပ်နိုင်ပါတယ်။ အဲ့တော့ သူ့အနေနဲ့ သူကတော့ ဗမာပြည်အတွက်အရေးရှိရင် ရှေ့တန်းကရပ်မယ်လို့ကြွေးကြော်ပြီးထားတဲ့အမျိုးသမီးဖြစ်တဲ့အခါကျတော့ သူတစ်ယောက်တည်းကတော့ ဘယ်သောင် ဘယ်ကမ်းဆိုက်ဆိုက် ဘယ်တန်ဖိုးတွေပေးရပေးရ သူကတော့ အသင့်ပဲ။ ဒါပေမဲ့ သူ့မျိုးဆက်တွေကိုတော့ ဒီနယ်ပယ်ထဲကိုဆွဲသွင်းတဲ့ကိစ္စကို သူသဘောမတူဘူး ကန့်ကွက်တယ်ဆိုတာ သဘာဝကျတယ်လို့ ကျွန်တော်ကတော့မြင်ပါတယ်ခင်ဗျ။"

နိုင်ငံရေးသမား ရှေ့နေကြီး ဦးကြီးမြင့် ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက် နှစ်ခုလုံး မှန်ကန်တယ်လို့ ထောက်ခံသလို သူ့ရဲ့ အစ်ကို ဦးအောင်ဆန်းဦးက ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာစစ်ဗိုလ်တွေအကြောင်း မသိဘူးလို့ ပြောဆိုဖူးတာကို သူမှတ်မိသိရှိကြောင်း ပြောပါတယ်။

"သားရွှေအိုးထမ်းလာတယ်ဆိုတဲ့စကားက ဒီလိုနေရာမှာသုံးရမှာပဲ။ နောက်ဒုတိယဖြစ်တဲ့ သူ့သားသူနိုင်ငံရေးထဲဆွဲမပါစေနဲ့ဆိုတဲ့ဥစ္စာက သူကိုယ်တိုင်ဖြတ်သန်းလာတဲ့အတွေ့အကြုံ အောင်ဆန်းဦးကပြောဖူးတယ် ကျွန်တော့် သူငယ်ချင်းဆီကိုစာရေးတယ်။ သူ့ညီမအတွက်သူစိုးရိမ်တယ်တဲ့။ စစ်ဗိုလ်တွေအကြောင်း ဗမာပြည်ကစစ်ဗိုလ်တွေအကြောင်းကို သူနားမလည်ဘူး စိုးရိမ်တယ်ဆိုပြီး အဲ့လိုပဲ သူသားကိုလည်းပဲသူ့လိုဖြစ်မှာစိုးတယ်။ သူအစတုန်းက သိတယ်လို့ထင်ထားတာတွေက တကယ်ကျတော့ သူသိတာတွေက လုံးဝတစ်လွဲတွေ အဲ့လိုဖြစ်၊ အဲ့တာကြောင့်မို့လို့ သူ့သားလည်းသူ့လိုဖြစ်မှာစိုးလို့ မအေတစ်ယောက်အနေနဲ့ရော နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အနေနဲ့ရော အမှားအယွင်းတွေဖြစ်သွားမှာစိုးရိမ်တယ်။ ဒါလည်းပဲ စိုးရိမ်ထိုက်တယ်။"

တခြားသတင်းတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲချက်တင်ထားတဲ့အမှုအားလုံးကို စစ်ကောင်စီ တရားရုံးအဆင့်ဆင့်က ဒီနှစ်မကုန်ခင် သို့မဟုတ် ရှေ့လာမယ့် ၂ဝ၂၃ ခုနှစ်ဆန်းပိုင်းနောက်ဆုံးထားပြီး အပြီးသတ် စီရင်ချက်ချဖို့ ပြင်ဆင်ထားတယ်ဆိုတာပါပဲ။

ဒါ့အပြင် ယေဘူယျအားဖြင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက အယူခံလျှောက်လဲချက်ပေးတာတွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က လက်ခံရန်အကြောင်းမရှိဟု ပြောဆိုကာ နေ့ချင်းပြီး အကျဉ်းနည်းနဲ့ ပလပ်လေ့ရှိတယ်လို့လည်း သိရပါတယ်။

ဦးသန်းစိုးနိုင်က စစ်ကောင်စီအနေနဲ့ လာမယ့်နှစ်မှာ သူတို့လုပ်မယ့် ရွေးကောက်ပွဲရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ပြည်တွင်းပြည်ပ အာရုံစိုက်မှုကနေ ဖုံးကွယ်ဖို့ကြိုးစားမှာဖြစ်တယ်လို့ ဝေဖန်ပါတယ်။

"NLD ဘာတွေပဲဖြစ်နေဖြစ်နေ ဒေါ်အောင်ဆန်းစုကြည်နောက်မှာရပ်မယ့်ပြည်သူလူထုက သန်းချီပြီးရှိနေပါတယ်။ အဲ့တော့ ဒီလိုအမျိုးသမီးမျိုးကို သူရွေးကောက်ပွဲကျင်းပပြီးတော့ သမ္မတအဖြစ်လုပ်ဆောင်မယ့် ညစ်ညမ်းတဲ့နိုင်ငံရေးလုပ်ငန်းစဉ်အမျိုးမျိုးကိုလုပ်မယ့်အချိန်မှာ မျက်နှာစာမှာ စင်ပေါ်မှာ တရားရုံးမှာတောင် ဒေါ်အောင်ဆန်းစုကြည်ကိုရှိစေချင်မှာမဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း သူ့ရဲ့ရွေးကောက်ပွဲလှုပ်ရှားမှုတွေစမယ့်အချိန် ဒီဇင်ဘာအကုန် ဇန်နဝါရီလောက်ကစပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုသူနဲ့ပတ်သက်တဲ့အမှုတွေနဲ့အတူ ပြည်ဖုံးကားချလိမ့်မယ်လို့ ကျွန်တော်တော့ယူဆပါတယ်ဗျာ။"

ရှေ့နေ ဦးကြီးမြင့်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပြန်လွှတ်ပေးဖို့ အကြောင်းမရှိပါဘူး၊ ရွေးကောက်ပွဲပြီးလို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သမ္မတဖြစ်ပြီးတဲ့ကာလမှာတော့ နိုင်ငံတကာ ထောက်ခံမှုကို ရရှိရေးအတွက် သူ့ကို လက်ရှိထောင်ကနေ နေအိမ် အကျယ်ချုပ်ပြောင်းပေးတဲ့ လုပ်ဆောင်မှုမျိုး ပေါ်ထွက်လာနိုင်ပါတယ်လို့ သုံးသပ်ပါတယ်။

"ကမ္ဘာကြီးက အသိအမှတ်ပြုတာတွေ မပြုတာတွေဘေးချိတ်ထား ရုရှားနဲ့တရုတ်ကပြုမယ် အာဆီယံနိုင်ငံတွေပြုမယ် ဗင်နီဇွဲလားပြုမယ် အီရန်ပြုမယ် ထားပါတော့ဗျာ။ ဒါပေမဲ့လို့ သူတို့က အဲ့လိုပုံစံလုပ်ပြီးတော့ ပြီးတာနဲ့တစ်ပြိုင်နက် ကမ္ဘာ့ထောက်ခံမှုကိုရလာအောင် သူတို့ကိုထောက်ခံတဲ့လူတွေလည်း မျက်နှာမပျက်အောင်လွှတ်မှာ အများကြီးလွှတ်မှာ အဲ့ကျတော့။ ဒေါ်စုကိုလည်း နေအိမ်အကျယ်ချုပ်ပြန်ပို့လိမ့်မယ်။"

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာပြည်နဲ့ ပတ်သက်ပြီး NUG၊ NUCC၊ PDF၊ EAOs စတဲ့ အဖွဲ့အစည်းတွေရဲ့လှုပ်ရှားမှုတွေ၊ ပြည်တွင်း ပြည်ပ ဆောင်ရွက်မှုတွေ၊ စစ်တပ်ရဲ့ လူမဆန်မှုတွေကို တစ်စုံတစ်ရာအတိုင်းအတာအထိ သိရှိနေတယ်လို့ သတင်းရပါတယ်။

သူမကို လက်ရှိမှာ ရေဒီယို၊ ကွန်ပျူတာ အင်တာနက် စတဲ့ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းတွေ မပေးဘဲ စစ်ကောင်စီက သူတို့ထုတ်တဲ့ သတင်းစာတွေကိုတော့ ပို့ပေးနေတယ်လို့ ဆိုပါတယ်။
သူ့ရဲ့ ကျန်းမာရေးကောင်းမွန်နေပြီး တစ်ခါတစ်ရံ ခေါင်းမူးတတ်တာလောက်ပဲရှိတယ်လို့လည်း တွေ့မြင်ရသူတွေကပြောပါတယ်။

လေအေးစက်မရှိတဲ့ တိုက်တစ်လုံးမှာ ထောင်ကကျွေးတဲ့ အစားအစာနဲ့ ပြင်ပက ပေးပို့တဲ့ အစားအစာ တချို့ကို ပေါင်းပြီးစားသောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစားအစာတွေကို ပြင်ပကနေ တကူးတက မှာယူခြင်းတော့ မရှိဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေကို လက်ရှိတွေ့ဆုံခွင့်ပေးတဲ့အခန်းမှာ စစ်ကောင်စီက CCTV ကင်မရာတပ်ဆင်ပြီး စောင့်ကြည့်နေပါတယ်။

အမှုကို စစ်ဆေးနေတဲ့ တရားရုံးဟာ နေပြည်တော်ထောင်ဗူးဝအနီးမှာရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို သူ နေထိုင်ရတဲ့ အဆောက်အဦးကနေ ကားတစ်စီးနဲ့ ခေါ်လာလေ့ရှိတယ်လို့လည်း ထောင်တွင်းက သတင်းတွေအရ သိရပါတယ်။

ဒီသတင်းဆောင်းပါးပါ အချက်အလက်တွေနဲ့ပတ်သက်ပြီး RFA ကို ပြောကြားတဲ့ သတင်းရင်းမြစ်တွေကိုတော့ ကာယကံရှင်တွေရဲ့ လုံခြုံရေးနဲ့ တခြားအခြေအနေအရပ်ရပ်အရ RFA က ထုတ်ဖော် အသိပေးနိုင်ခြင်း မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Naing Aung
2022-12-12 11:10

ဒေါ်စုနဲ့ပတ်သက်ပြီး ဘာတခုမှ စိတ်ဝင်စား စားစရာ
မရှိပါဘူး။ ဒီမိန်းမကြီးလုပ်လို့ ခုလို ပြည်သူ ဒူက္ခရောက်ရတာပါ။ ၁iccမှာ ဖေဖေတပ်မတော် ဒီလိုမလုပ်ဘူးပြောတယ်။ သတင်းထောက်ကမေးတယ် ရာိုဟင်ရှာတွေဘာလို့ပြေးရပါလည်းဆ်ုတော့ ဒီကိစ္စသူလည်း သိချင်ပါတယ်ဆိုတဲ့မိန်းမကြီး အာဏာရူးပါတယ်ဆိုတာ သူကိုယ်တိုင်ဝန်ခံထားတယ်။ မေးစရာနှိထပ်မေးထားေုဖပေးမယ်။ rfa