အာဏာသိမ်းကာလ စစ်ရာဇဝတ်မှုတွေကြောင့် ကယားပြည်နယ်မှာ အရပ်သား ၂၅၀ ကျော် သေဆုံး

RFA Burmese
2024.11.25
အာဏာသိမ်းကာလ စစ်ရာဇဝတ်မှုတွေကြောင့် ကယားပြည်နယ်မှာ အရပ်သား ၂၅၀ ကျော် သေဆုံး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က ကယားပြည်နယ်၊ ဒီးမော့ဆိုမြိုနယ်၊ ဒေါဆီအီရွာရှိ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။
Citizen Photo

ကယားပြည်နယ်အတွင်းမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် မေလကနေ ၂၀၂၄ အောက်တိုဘာလအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ၂၅၃ ဦး သေဆုံးခဲ့ပြီး သုံးရာကျော် ဒဏ်ရာရခဲ့ပါတယ်။ ဒီစစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့တွေက အရေးယူပေးဖို့ ကရင်နီပြည် ကြားကာလ စီမံအုပ်ချုပ်ရေးကောင်စီ IEC ရဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာနက ဒီနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်နေ့မှာ တောင်းဆိုလိုက်တာပါ။

"လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့မှ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာကြတာကို တွေ့မြင်နေရတာဖြစ်တယ်”

၂၀၂၄ ခုနှစ် တစ်နှစ်အတွင်းမှာပဲ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် အသက် ၁၈နှစ်အောက် ကလေးငယ် ၁၅ ဦးနဲ့ အမျိုးသမီး အယောက် ၂၀ကျော် သေဆုံးခဲ့ရပြီး ခြောက်ဆယ်ကျော် ဒဏ်ရာရခဲ့တယ်လို့ IEC က ဆိုပါတယ်။ အာဏာသိမ်းကာလအတွင်း ကယားပြည်နယ် အပါအဝင် တစ်နိုင်ငံလုံးမှာ ကလေးငယ်တွေနဲ့ အမျိုး သမီးတွေ လိင်ပိုင်းဆိုင်ရာ ပစ်မှတ်ထားခံရတာတွေ ပိုတွေ့လာရတယ်လို့ IEC အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာဌာန ဒု-ဌာနမှူး (၁) မော်သဲမာက ပြောပါတယ်။

“စစ်တပ်အာဏာသိမ်းပြီးတဲ့ နောက်မှာဆိုရင် လိင်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့မှ အကြမ်းဖက်ခံနေရတာတွေ၊ အမြတ်ထုတ်ခံနေရတာတွေ၊ လူကုန်ကူးခံနေရတာတွေ နေ့စဉ် မြင်နေရ၊ ကြားနေရ၊ တွေ့နေရတာ ဖြစ်တယ်။ လက်ရှိ ကျွန်မတို့ ကရင်နီပြည်နယ် အတွင်းမှာဆိုရင်လည်း ထိုနည်းလည်းကောင်းပဲပေါ့နော်။ ဒီ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီးတော့မှ အမျိုးသမီးနဲ့ ကလေးငယ်တွေအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်လာကြတာကို တွေ့မြင်နေရတာဖြစ်တယ်”

ဒီအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ သက်ဆိုင်ရာ အမျိုးသမီးအဖွဲ့တွေနဲ့ နိုင်ငံတကာအဖွဲ့အစည်း အသီးသီးက ဝိုင်းဝန်းကူညီကြဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။


ဆက်နွှယ်သောသတင်းများ

မြန်မာပြည်မှာ အမျိုးသမီးတွေ အန္တရာယ်ပိုများလာ

အောက်တိုဘာလအတွင်း အမျိုးသမီး ခုနစ်ဆယ်ကျော် သတ်ဖြတ်ခံရ

စစ်ဘေးနဲ့ ရေဘေးဒုက္ခသည်တွေကိုကူညီဖို့ ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖိတ်ခေါ်


ကရင်နီပြည်ကြားကလ စီမံအုပ်ချုပ်ရေးကောင်စီ IEC ဒု-ဥက္ကဋ္ဌ ခွန်ဘီထူးကတော့ ကယားပြည်နယ်အတွင်းမှာ လေကြောင်းနဲ့ လက်နက်ကြီးဒဏ်ကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အသက်ဆုံးရှုံးနေရတယ်လို့ ပြောပါတယ်။

“အထူးသဖြင့် ကျွန်တော်တို့ ကရင်နီပြည်နယ်မှာဆိုရင် လေယာဉ်ဗုံးကြဲပြီးမှပေါ့နော်။ ကလေးသူငယ်ပေါင်းများစွာ အသက်ဆုံးရှုံးရပြီးမှ အခုဆိုရင် စိတ်ဒုက္ခတွေ၊ လူမှုရေးဒုက္ခတွေ အများအပြား ကြုံတွေ့နေရတဲ့ အခက်ခဲဆုံးအချိန်ဖြစ်တယ်။ သူတို့တွေအတွက်ကို ကျွန်တော်တို့တွေက ဒီထပ်ပိုကောင်းတဲ့ အစီအမံတွေ လုပ်ဆောင်ကြဖို့လိုတယ်။ ကျွန်တော်တို့ လက်ရှိဖြစ်ပေါ်နေတဲ့ ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအတွက် ကာကွယ်စောင့်ရှောက်နိုင်တဲ့ လုပ်ငန်းတွေမှန်သမျှ အားသွန်ခွန်စိုက် လုပ်ဆောင်ကြရအောင်လို့ ကျွန်တော့်အနေနဲ့ တိုက်တွန်းလိုတယ်”

အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနဲ့ ကရင်နီ တော်လှန်ရေးအင်အားစုတွေကြား တိုက်ပွဲတွေကြောင့် ကယားပြည်နယ်အတွင်းက ဒုက္ခသည် စခန်းလေးရာကျော်မှာ လူဦးရေ တစ်သိန်းနှစ်သောင်းကျော် နေရပ်စွန့်ခွာနေထိုင်နေရပြီး အဲဒီထဲမှာ အမျိုးသမီး ခြောက်သောင်းကျော် ပါဝင်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေထဲမှာ အသက် ၁၈ နှစ်အောက် ကလေးငယ် လေးသောင်းကျော်နဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ထောင်ဝန်းကျင် အပါအဝင် နို့တိုက်မိခင် သုံးထောင်ကျော်အတွက် အကူအညီနဲ့ အထောက်အပံ့တွေ လိုအပ်နေတာပါ။

စစ်ကောင်စီတပ်တွေကို ခုခံတော်လှန်မှုအားကောင်းတဲ့ ကယားပြည်နယ်ကို ကုန်ပစ္စည်းတွေ မဝင်ရောက်နိုင်အောင် စစ်ကောင်စီတပ်က ပိတ်ဆို့ကန့်သတ်ထားတာကြောင့် ဒေသအတွင်းမှာ ဆန်၊ ဆီ၊ ဆေးဝါး ပြတ်လပ်မှုတွေနဲ့ ကြုံနေကြရတာပါ။

ဒါ့ကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်မိခင်တွေ အတွက်လိုအပ်တဲ့ အာဟာရတွေ ရဖို့ခက်ခဲတယ်လို့ ကရင်နီဒေသက စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့မှာ ပါဝင်နေတဲ့ တာဝန်ခံတစ်ဦးက ပြောပါတယ်။

“အမျိုးသမီးပိုင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုတွေက လိုအပ်တဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးတွေက အလျင်မီမရောက်နိုင်ဘူး။ နောက်တစ်ခုက ကုန်စည် စီးဆင်းမှုပိတ်တဲ့အခါ ကုန်ဈေးနှုန်းတွေက အဆမတန်ကြီးမားလာတာပေါ့နော်။ ကလေးငယ်တွေအတွက် အာဟာရဖြစ်ထွန်းမှုအပိုင်းတွေမှာ ပိုပြီထိခိုက်တာမျိုးတွေရှိတယ်။ ခက်ခဲလာတာပေါ့နော်။ ဒီဆေးဝါးတွေ လိုအပ်တာရှိမယ်။ နောက်ပြီး အခုချိန်က ဆောင်းတွင်းကာလဆိုတော့ အနွေးထည်တွေ လိုတာပေါ့နော်။ လုံလောက်မှုမရှိတဲ့ အခါကျတော့ ဒီအအေးဒဏ်ကို အတော်လေးခံနေရတာရှိတာပေါ့”

ဒါတွေဟာ စစ်ကောင်စီက လူသားမျိုနွယ်စုတွေအပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်တွေဖြစ်တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတွေက ထောက်ပြပါတယ်။

ဒီလိုရာဇဝတ်မှုတွေအတွက် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေက အရေးယူဖို့ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမဲ့ ထိရောက်တဲ့ရလဒ်မျိုး မတွေ့ရသေးဘူးလို့ IEC အမျိုးသမီးနဲ့ ကလေးသူငယ်ရေးရာ ဌာနမှူးကြီး အဂ္ဂသာနုနုက ပြောပါတယ်။

“လေယာဉ်ဆီရှိနေသ၍ သူတို့က ဗုံးကြဲနေမှာပဲ။ တောင်းဆိုလာတာလည်းကြာပြီး အဲဒါလည်း ယနေ့အချိန်ထိ ရှိနေတုန်းပဲဆိုတော့ ထိရောက်မှုက နည်းတယ်လို့ ပြောလို့ရတယ်ပေါ့နော်။ နိုင်ငံတကာတွေရဲ့ ပတ်သက်မှုကပေါ့နော်။ လက်နက်ခဲယမ်း တားမြစ်တာတွေ၊ လေယာဉ်ဆီ ရောင်းချမှု ပိတ်ပင်တာတွေနဲ့ ပတ်သက်ပြီးတော့ ဆန်ရှင်လုပ်တဲ့ ကိစ္စတွေကလုပ်တော့ လုပ်ပေမဲ့ တစ်ချို့ကိစ္စတွေမှ ထပ်လုပ်ဖို့လိုသေးတယ်ဆိုတာ သုံးသပ်လို့ ရတယ်ပေါ့နော်”

စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေအပေါ် နိုင်ငံတကာတရားစီရင်ရေး ယန္တရားတွေကနေ အမြန်ဆုံးအရေးယူနိုင်ဖို့၊ စစ်ကောင်စီတပ်အနေနဲ့ သူ့ရဲ့လုပ်ရပ်တွေအပေါ်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့ ကူညီပေးဖို့ IEC က တောင်းဆိုထားပါတယ်။

ကယားပြည်နယ် လွိုင်လင်လေးမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွာသည့် နေအိမ်တချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်နေ့က တွေ့ရစဉ်။ (ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဓာတ်ပုံ)
ကယားပြည်နယ် လွိုင်လင်လေးမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွာသည့် နေအိမ်တချို့အား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၁ရက်နေ့က တွေ့ရစဉ်။ (ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဓာတ်ပုံ)


ဒါ့အပြင် စစ်ကောင်စီကို လက်နက်ခဲယမ်း တင်ပို့ရောင်းချတာ၊ လေယာဉ်ဆီ တင်ပို့ရောင်းချနေတာတွေကို ရပ်တန့်အောင် အီးယူ ဥရောပသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့တွေက တားမြစ်ပေးဖို့ကိုလည်း IEC က တောင်းဆိုထားပါတယ်။

IEC ရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

စစ်ကောင်စီဘက်က နိုဝင်ဘာလဆန်းပိုင်းကစပြီး ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံမြို့တွေကနေ ကယားပြည်နယ်အတွင်းကို အင်အား တစ်ထောင်နီးပါးနဲ့ ထိုးစစ်ဆင်နေတာကြောင့် ဖယ်ခုံမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နေ့စဉ်လိုလို တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ တစ်သောင်းကျော် ထပ်မံနေရပ်စွန့်ခွာနေရပါတယ်။

တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု PKPF ရဲ့ နိုဝင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ ရှမ်းပြည်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ အာဏာသိမ်းကာလအတွင်း အရပ်သား ၇၀၀ နီးပါး သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။