လျှပ်စစ်စွမ်းအင် စီမံခန့်ခွဲမှု ဝေဖန်ခံနေရ

ဇာဏီထွဏ်း
2020-09-22
Share

သဘာဝဓာတ်ငွေ့နဲ့ လျှပ်စစ်စွမ်းအင်ကို ပြည်ပကို ရောင်းမယ့်အစား ပြည်တွင်းမှာ လုံလောက်တဲ့ အခြေအနေဖြစ်မှ ပြည်ပကိုထုတ်ရောင်းဖို့ တိုင်းရင်းသား လူမျိုးများရေးရာစင်တာ ENAC ကနေ သုတေသနစစ်တမ်းကောက်ယူပြီး အကြံပြုထားပါတယ်။

တိုင်းရင်းသား လူမျိုးများရေးရာစင်တာ ENAC က သုတေသနလုပ်ထားတဲ့ စိန်ခေါ်မှုမြင့်မားနေတဲ့ မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ စာတမ်းကို ဒီနေ့ စက်တင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်လိုက်တာပါ။

လက်ရှိအစိုးရကလည်း သဘာဝဓာတ်ငွေ့ထုတ်လုပ်မှု ၈၀ ရာခိုင်နှုန်းကို ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံကို ယခင်အစိုးရ တွေလို  ဆက်ရောင်းနေပြီး နိုင်ငံရဲ့ ဓာတ်အားလိုအပ်ချက်အတွက်  လျှပ်စစ်ဓာတ်အားကို တခြားနိုင်ငံတွေက ဈေးကြီးပေးပြီး ပြန်ဝယ်နေရတယ်လို့ ပြောထားပါတယ်။

တရုတ်ကို လျှပ်စစ်မဂ္ဂါဝပ် ၁၀၀၀ ရောင်းချနေပြီး ထိုင်းနဲ့ လာအိုကနေ လျှပ်စစ်ကို မြန်မာနိုင်ငံ နယ်စပ်ဒေသ အတွက် ပြန်ဝယ်နေတယ်လို့ အဲဒီသုတေသနစာတမ်းကို ပြုစုခဲ့တဲ့ သုတေသနပညာရှင် ဦးဇော်လတ်က ပြောပါတယ်။

လျှပ်စစ်တွေကို ဘယ်လောက်ဈေးနှုန်းနဲ့ဝယ်ပြီး ဘယ်လောက်ဈေးနှုန်းနဲ့ ရောင်းချနေလဲဆိုတာ မသိရပါဘူး။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က ပြည်တွင်းသုံးတောင် မလောက်ငှတဲ့အတွက် တရုတ်ကိုရောင်းတယ်ဆိုတာ မဟုတ်မှန်ဘဲ လာအိုနဲ့ ထိုင်းက ဝယ်တယ်ဆိုတာကလည်း နယ်စပ်ဒေသတွေဖြစ်တာကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်နဲ့ ဝယ်တာဖြစ်တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ ရေအားလျှပ်စစ်စီမံကိန်းကနေ ၃၂၃၅ မဂ္ဂါဝပ်ကျော်၊ သဘာဝဓာတ်ငွေ့ကနေ ၂၅၄၃ မဂ္ဂါဝပ်ကျော်၊ နေစွမ်းအင်ကနေ ၃၄၀ မဂ္ဂါဝပ်ကျော်နဲ့ ကျောက်မီးသွေးစွမ်းအင်ကနေ ၁၆၉ မဂ္ဂါဝပ်ကျော် စုစုပေါင်း မဂ္ဂါဝပ် ၆၂၀၀ ကျော် အသုံးပြုနေတာပါ။ အစိုးရက ရေးဆွဲထားတဲ့ အမျိုးသား လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းအရ ၂၀၁၈ ခုနှစ်မှာ ၄၀ ရာခိုင်နှုန်း၊ ၂၀၂၀ မှာ ၅၄ ရာခိုင်နှုန်း၊ ၂၀၃၀ မှာ ၁၀၀ ရာခိုင်နှုန်း တစ်နိုင်ငံလုံး လျှပ်စစ်ရရှိဖို့ ရည်မှန်း ထားတာပါ။

အိမ်နီးချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တော့ အလွန်နည်းပါးတဲ့အခြေအနေပါ။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့တွေကို ပြည်တွင်းသုံးထက် ပြည်ပတင်ပို့တာ အများစုဖြစ်နေတဲ့ အကြောင်း၊ တနင်္သာရီတိုင်းကနေထွက်ရှိတဲ့ ရတနာနဲ့ ရဲတံခွန်ကမ်းလွန်ဓာတ်ငွေ့ကနေ ၂၀၁၀ ကနေ ၂၀၁၈ အတွင်း အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၇ ဘီလီယံ၊ ရခိုင်ပြည်နယ် ရွှေဂတ်စ်ကနေ တရုတ်နိုင်ငံကို ရောင်းနေတဲ့ နှစ် ၃၀ စာချုပ်ကနေ ဒေါ်လာ ဘီလီယံ ၁၈၀ ကျော်ရရှိနေတယ်လို့ တွေ့ရပါတယ်။

အဲဒီဝင်ငွေတွေက ဘယ်ကိုရောက်သွားလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရဘူးလို့ သုတေသနပညာရှင် ဦးဇော်လတ်က မေးခွန်းထုတ်ထားပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမင်းမင်းဦး ကတော့ သဘာဝဓာတ်ငွေ့ကို ပြည်တွင်းသုံးအတွက် ဦးစားပေးပြီး ပိုလျှံမှ ပြည်ပကိုရောင်းမယ်လို့ မူဝါဒတွေ ချမှတ်ထားတယ်လို့ ပြောပါတယ်။

သဘာဝဓာတ်ငွေ့နဲ့ ရေအားလျှပ်စစ်လို စီမံကိန်းကြီးတွေဟာ ပြည်တွင်းက ရင်းနှီးမြှုပ်နှံနိုင်တဲ့ အင်အားနည်း တာကြောင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းတာဖြစ်ပါတယ်။

ပြည်တွင်းဈေးကွက်တစ်ခုတည်း ရောင်းချဖို့ မဖြစ်နိုင်တဲ့အတွက် နိုင်ငံတကာကို ရောင်းချဖို့စီစဉ်တဲ့အခါ ဈေးကွက် နှစ်ခုကြားမှာ အစိုးရက ချိန်ညှိပေးရမှာဖြစ်တယ်လို့  စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးက ပြောပါတယ်။

လက်ရှိအသုံးပြုနေတဲ့ ရေအားလျှပ်စစ် စီမံကိန်းတွေရှိတဲ့နေရာတွေကလည်း တိုင်းရင်းသားတွေရဲ့  ပြည်နယ် နေရာတွေမှာ အများဆုံးဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံရတာတွေကို ရင်ဆိုင်ခဲ့ကြရတယ်လို့လည်း ဆိုပါတယ်။

ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းအတွင်း အဓိကအသုံးပြုနေတဲ့ ကယားပြည်နယ်က လောပိတရေအားလျှပ်စစ် ဓာတ်အားလိုင်း ကယားပြည်နယ်ကို ဖြတ်သန်းသွားပေမယ့် ကယားပြည်နယ်မှာ မီးမရခဲ့တဲ့အကြောင်း၊ ကိုယ့်ဒေသကထွက်တဲ့ ကိုယ့်လျှပ်စစ်ကို ဒေသခံ ပြည်သူတွေ မသုံးရတာကို မခံနိုင်ဖြစ်ခဲ့ရတဲ့အကြောင်း၊ စက်ရုံလုံခြုံရေးအတွက် ရွာကအရပ်သားတွေကို လုံခြုံရေးစောင့်ခိုင်းတာ၊ ဗုံးထောင်တာတွေ လုပ်ထားပြီး ဗုံးနင်းမိရင်လည်း ဗုံးဖိုးကို နင်းမိတဲ့သူက ပြန်လျော်ပေးရတဲ့အထိ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံခဲ့ရတယ်လို့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ဒုဥက္ကဋ္ဌ ခူဦးရယ်က ပြောပါတယ်။

ဒါတွေက အရင်အစိုးရတွေလက်ထက်မှာ ခံစားခဲ့ရတာဖြစ်ပြီး အခု NLD အစိုးရလက်ထက်မှာလည်း နောက်ထပ် ဆောက်မယ့် ရေအားလျှပ်စစ်စီမံကိန်းတွေထဲက ကယားပြည်နယ် နမ့်တဘက်ချောင်း ရေအားလျှပ်စစ်စီမံကိန်းနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာတဲ့ ပူးပေါင်းမှုမတွေ့ရဘူးလို့ ခူဦးရယ်က ပြောပါတယ်။

ရေအားလျှပ်စစ်လို စီမံကိန်း အကြီးစားကြီးတွေဟာ တိုင်းရင်းသားဒေသတွေမှာ ရှိနေတာကြောင့် ပဋိပက္ခ ဖြစ်ပွားရာ နယ်မြေတွေမှာလည်း ရှိနေကြပါတယ်။

ကချင်ပြည်နယ်က လျှပ်စစ်ဓာတ်အားပေးရုံတစ်ခုရဲ့ လုံခြုံရေးအခြေအနေကို အခြေတည်ပြီး ကချင်ပြည်နယ်မှာ ၁၇ ကြာ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် ပျက်ပြယ်သွားခဲ့ရတာလည်း ရှိပါတယ်။

ဒါကြောင့် စွမ်းအင်၊ ဖွံ့ဖြိုးရေးနဲ့ ငြိမ်းချမ်းရေးက ဆက်စပ်နေတာကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထည့်သွင်းဆွေးနွေးသင့်တယ်လို့ တိုင်းရင်းသားလူမျိုးများရေးရာစင်တာ ENAC အမှုဆောင်ဒါရိုက်တာ ဦးပညာမွန်က ပြောပါတယ်။

ပြည်တွင်းပဋိက္ခတွေဖြစ်လာနိုင်တဲ့ ရေအားလျှပ်စစ် စီမံကိန်းကြီးတွေကို ရပ်ဆိုင်းထားပေးဖို့၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ စွမ်းအင်လုံခြံရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနဲ့ လူမှုရေးဆိုင်ရာ ဆိုးကျိုးသက်ရောက် တာတွေကို လျှော့ချနိုင်ဖို့အတွက် ထုတ်လုပ်မှုစရိတ် ပိုသက်သာတဲ့အသေးစား၊ အလတ်စားစက်ရုံတွေ၊ ရေ၊ နေ၊ လေနဲ့ ဇီဝလောင်စာ စတဲ့ ပြန်ပြည့်ဖြိုးမြဲ စွမ်းအင်တွေကို အားပေးဖို့ အပါအဝင် အချက် ခြောက်ချက်ကို စိန်ခေါ်မှု မြင့်မားနေသည့် မြန်မာနိုင်ငံရဲ့ ဗဟိုချုပ်ကိုင်ထားသော စွမ်းအင်စီမံခန့်ခွဲမှုပုံစံ သုတေသနစာတမ်းကနေ အကြံပြုထားပါတယ်။

သဘာဝဓာတ်ငွေ့ ၇၅ ရာခိုင်နှုန်းကိုသာ တရုတ်နဲ့ ထိုင်းနိုင်ငံတွေကို ရောင်းချတာဖြစ်ပြီး ကျန်တဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းမှာ သုံးစွဲနေတယ်လို့လည်း ဦးမင်းမင်းဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

ဆိုက်တခုလုံးသို့