Facebook နဲ့အမုန်းစကားဖြန့်ဝေမှု

0:00 / 0:00

မြန်မာနိုင်ငံမှာ Facebook ကနေ အကြမ်းဖက်ဖို့ သွေးထိုးလှုံ့ဆော်တာ၊ အမုန်းစကားဖြန့်ဝေတာတွေကို Facebook ကုမ္ပဏီအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိဘူးလို့ Facebook ကုမ္ပဏီက မနေ့က ဝန်ခံပြောကြားလိုက်ပါတယ်။

တကယ်တော့ မြန်မာတွေအနေနဲ့ လူတစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခု၊ လူ့အသိုင်းဝိုင်းတစ်ခု (ဒါမှမဟုတ်) လူမျိုးစု၊ ဘာသာတရားတစ်ခုခုအပေါ် အမုန်းပွားအငြိုးထားစေဖို့ ပစ်မှတ်ထား ပြောဆိုကြတာတွေကို အမုန်းစကား Hate Speech လို့ မြင်ကြပါသလား။

ကိုကျော်ဇောဝင်း၊ ကိုသန့်ဇင်ဦးနဲ့ ကိုထက်အာကာတို့က သတင်းပေးပို့ပြီး ကိုကျော်ဇောဝင်း က စုစည်းတင်ပြထားပါတယ်။


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Facebook နဲ့အမုန်းစကားဖြန့်ဝေမှု

(ကျော်ဇောဝင်း)

■ မြန်မာလူမှုအသိုင်းအဝိုင်းမှာ အမုန်းစကားတွေကို ဘယ်လိုမြင်ကြပါသလဲ။ Facebook လို လူမှုကွန်ယက်မှာ အမုန်းစကားတွေ၊ မမှန်သတင်းတွေနဲ့ သွေးထိုးလှုံ့ဆော်တာတွေကို သတိထားမိကြပါရဲ့လား။ နောက်ပြီး အမုန်းစကားတွေဟာ ပစ်မှတ်ထား ပြောဆိုခံရတဲ့သူတွေအပေါ် ဘယ်လောက်အထိ ထိခိုက်နစ်နာမှုတွေ ဖြစ်စေပါသလဲ။


RFA က ရန်ကုန်မြို့က Facebook လူမှုကွန်ယက် အသုံးပြုကြတဲ့သူတွေရဲ့ အမြင်တွေကို တွေ့ဆုံမေးမြန်းခဲ့ပါတယ်။

၈၈ မျိူးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးမင်းကိုနိုင်က အခုလိုပြောပါတယ်။

"ဒါကလွတ်လပ်ခွင့်လားလို့ မေးစရာရှိတယ်ဗျ။ လွတ်လပ်ခွင့် ဟုတ်လား မဟုတ်လား ကိုယ့်ဘာသာ သုံးသပ်ကြည့်ကြပေါ့။ ဘယ်လောက် တာဝန်ယူနိုင်လဲပေါ့။ အထူးသဖြင့် အဲဒီလို အမုန်းစကားတွေ ဆဲရေးတိုင်းထွာတာတွေဟာ အကောင့်အတုတွေများတယ် အဲတော့ တာဝန်ယူမှု တာဝန်ခံမှု ဘယ်လောက်ရှိလဲပေါ့။ အဲအကောင့်တုတွေက နောက်ဆို လူဖြစ်လာတာနဲ့ ထမင်း ရှာကိုရှာစားပြီးတော့ မိုးလင်းတာနဲ့ ဟိုလူဆဲ ဒီလူဆဲနဲ့ ဒါဟာ လူ့ဘဝရဲ့ အနှစ်သာရမဟုတ်ဘူးဗျ၊ နောက်ပြီး တော်တော်များများက အဲလိုဖြစ်နေတာ။ ကျနော်ပြောချင်တာကတော့ တာဝန်ခံမှု တာဝန်ယူမှုရှိတဲ့ အကောင့်တွေကိုပဲ ထားတယ်ဆိုရင်တော့ ပိုပြီးတော့ စီစစ်လို့ကောင်းသွားမယ်။ မဟုတ်ရင် ခဏငြိမ်နေလိုက်မယ်ဗျာ။ ခင်များတို့ မလုပ်နိုင်တဲ့အချိန်ကျမှ အကောင့်တုတွေနဲ့ တရုန်းရုန်း ထလုပ်နေရင်တော့ ဒီသံသရာကနေ ပြီးမှာမဟုတ်တော့ဘူး"

လူမျိူးမတူဘာသာမတူတာနဲ့ အမုန်းစကားတွေမပြောဆိုဖို့ သံဃာတော်တော်တစ်ပါးဖြစ်တဲ့ အရှင်ထေရိန္ဒနက မိန့်ပါတယ်။

"လူမျိူးမတူလို့ မဆဲနဲ့ မဆိုပါနဲ့။ လူသားချင်း စာနာတဲ့စိတ်နဲ့ သူကကုလားလူမျိူးပဲ၊ ငါဆက်ဆံစရာမလိုဘူး၊ ငါဆဲချင်ဆဲမယ်ဆိုတာ မလုပ်သင့်ဘူး"

မရမ်းကုန်းမြို့နယ်က ကိုဂျွန်ကတော့ သူ့အနေနဲ့ အဲဒီလိုအမုန်းစကားတွေ လက်မခံကြောင်းနဲ့ အဲဒီအမုန်းစကားတွေကြောင့် တိုင်းပြည် ဂုဏ်သိက္ခာ ကျဆင်းစေတယ်လို့ ပြောပါတယ်။

"ဒီလိုမျိူး ဆဲဆိုနေကြတာ မဖြစ်သင့်ဘူး ထင်ပါတယ်။ မဖြစ်မနေပြောရတော့မယ်ဆိုရင်လည်း ပါစင်နယ် ချက်ဘောက်တွေရှိတာပဲ။ ကွန်းမန့်တွေမှာ ဆဲတာဆိုတာမကောင်းဘူး။ နောက်ပြီး ဆိုရှယ်မီဒီယာ မှာဆဲနေတာက ကိုယ်တွေနိုင်ငံတင်မဟုတ်ဘူးဗျ၊ အိမ်နီးချင်းနိုင်ငံတွေကလည်း မြင်နေရတာပဲ။ အဲဒီတော့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကျတာပေါ့"


တောင်ဥက္ကာလာပမြို့နယ်က ကွမ်းယာဆိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုမောင်ကိုကိုဦးကတော့ အစိုးရအနေနဲ့ အဲဒီလို အမုန်းစကားတွေကို ဖြတ်ချလိုရတဲ့ နည်းပညာရှိရင် ဖြတ်ချသင့်ကြောင်း ပြောပါတယ်။

"ဆဲဆိုတာက မကောင်းဘူးပေါ့။ facebook မှာဆဲတာ ဆိုတာ အစိုးရလည်း မြင်ရတွေ့နေရမှာဘဲ အဲဒီတော့ အစောထဲက အဲလိုဆဲတာဆိုတာတွေကို ဖြတ်ချလို့ရရင် ဖြတ်ချလိုက်တာ အကောင်းဆုံးပဲ"

မဟာဗန္ဓူးလပန်းခြံအတွင်းမှာ Facebook သုံးရင်း အပန်းဖြေနေတဲ့ ကိုဝင်းခိုင်က အခုလိုပြောပါတယ်။

"သူများက ကိုယ့်ကို ဆဲဆိုလည်း ကိုယ်လည်းလက်ခံနိုင်မှာမဟုတ်ဘူး။ ကိုယ်လည်း သူများကို ဆဲဆိုရင် သူများလည်း လက်ခံမှာမဟုတ်ဘူး အဲဒီတော့ ယဉ်ယဉ်ကျေးကျေးပဲ ရေးသားပြောဆိုသင့်တယ်"

လူ့အခွင့်အရေးပဲဆိုပြီး ဆဲချင်သလို ဆဲနေကြတာဟာ အနာဂါတ်ကလေးတွေအတွက် စိတ်ပူမိတဲ့အတွက် အမုန်းစကားတွေကို လက်မခံကြောင်း ကားစက်ပြင်ဆရာ ကိုရဲသွေးက ပြောပါတယ်။

"ဆိုးကျိူးက အများကြီးပဲ ပြောချင်တာပြော ဆိုချင်တာဆိုနဲ့ လူအခွင့်ရေးဆိုပြီး ဆဲကြဆိုကြနဲ့ ဒါတွေဟာ နောက်အနာဂါတ်မှာ ကလေးတွေအတွက် မကောင်းဘူး။ ဒါကြီးက ဒီလိုလုပ်လို့ရပါလားဆိုပြီး အနာဂါတ်မျိူးဆက်တွေ ထင်သွားရင်မကောင်းဘူး"

မြန်မာနိုင်ငံက ဖေ့ဘွတ်ပေါ်မှာ ရေးသားပြောဆိုနေကြတဲ့ အမုန်းစကားတွေကို ဖေ့ဘွတ် ကုမ္ပဏီကတောင် မထိန်းချူပ်နိုင်ဖြစ်နေတာဟာ မြန်မာပြည်အတွက် ရှက်စရာကောင်းတယ်လို့ အဆိုတော် သျှီက ပြောပါတယ်။

"အမုန်းစကားကို ကိုယ်လည်း လက်မခံနိုင်သလို ဘယ်သူမှလည်း လက်ခံနိုင်မှာမဟုတ်ဘူး နောက်ပြီး facebook က မထိန်းချူပ်နိုင်တော့ဘူးလို့တောင် ဖြစ်နေအတွက် တိုင်းပြည်အတွက်လည်း ဂုဏ်သိက္ခာလည်း ကျသလို၊ စိတ်လဲမကောင်းဘူး။ ကိုယ့်နိုင်ငံက နိုင်ငံတာကာကို အမှီသွားမယ်ဆိုရင် ရင်ထဲမှာ ဒေါသတွေရှိနေရင် တိုင်းပြည်ကို အရှေ့ရောက်အောင် သွားနိုင်မယ့် အလားလာမရှိဘူး"

ဒါတွေကတော့ ရန်ကုန်မြို့ခံ လူမှုကွန်ယက်အသုံးပြုသူတချို့ရဲ့ အမုန်းစကား ဖြန့်ဝေမှုတွေအကြောင်း စုစည်းတင်ပြခဲ့တာဖြစ်ပါတယ်ခင်ဗျာ။