ဗန်းမော်မြို့မှာ တစ်ကျော့ပြန် တိုက်ပွဲတွေပြင်းထန်နေ
2025.01.25

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်ကောင်စီတပ်ရဲ့ လက်ကျန်တပ်ရင်းတွေဖြစ်တဲ့ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နဲ့ ခြေလျင်တပ်ရင်း ခလရ (၄၇) ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက ဇန်နဝါရီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ဒေသခံတွေက RFA ကို ပြောပါတယ်။
စစ်ကောင်စီဘက်က ဗန်းမော်မြို့ဟာ တရုတ်နယ်စပ် ကုန်သွယ်ရေးမြို့ဖြစ်တဲ့ လွယ်ဂျယ်နဲ့ ဆက်စပ်နေပြီး မန္တလေးနဲ့ စစ်ကိုင်းဘက်ကပါ ကုန်းလမ်းရော၊ ရေလမ်းနဲ့ပါ သွားလာလို့ရတဲ့ ကုန်သွယ်ရေးမြို့ဖြစ်ပါတယ်။ ဒါ့အပြင် စစ်ရေးအရလည်း အရေးပါတဲ့ မြို့ဖြစ်တာကြောင့် မြို့ကို လက်မလွှတ်ရဖို့နဲ့ တပ်စခန်းတွေ မကျဖို့အတွက် လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ အပြင်းအထန် ခုခံနေတယ်လို့ ဆိုပါတယ်။
"ဗန်းမော်က ရက်ပိုင်းအတွင်း ကျတော့မှာပါ၊ ဗန်းမော်က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့ကြီးဖြစ်တဲ့အပြင် ရေလမ်း၊ လေလမ်း၊ ကားလမ်း တော်တော်လေး ဆုံချက်ကျတဲ့နေရာဖြစ်တာကိုး"
ဗန်းမော်မြို့ပေါ်က KIA နဲ့ ပူးပေါင်းတပ်တွေရှိနိုင်တဲ့ နေရာတွေကို ဇန်နဝါရီလ ၂၅ ရက် မနက်ပိုင်းအထိ လေကြောင်းကတိုက်ခိုက်နေပြီး ဗန်းမော်မြို့ကို လက်မလွှတ်ရဖို့အတွက် နည်းမျိုးစုံနဲ့ ခုခံကာကွယ်နေတယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
"အဓိက က လေကြောင်းကတော့ ပစ်တယ်လို့ တွေ့ရပါတယ်၊ ဒုတိယကတော့ လက်နက်ကြီးတွေပေါ့၊ တတိယက လူအင်အား၊ စစ်အင်အားတွေစုထားပြီးမှ သူတို့ရဲ့တပ်တွေကို လက်မလွှတ်ရအောင် လုပ်ထားတာကို တွေ့ရပါတယ်။ နောက်တစ်ခုရှိတာကတော့ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အတွင်းမှာ သူတို့ရဲ့ တပ်မိသားစုတွေ၊ တခြားသောဝန်ထမ်းတွေအားလုံးကိုလည်း ခေါ်ထားတယ်လို့ ကြားသိရပါတယ်၊ နောက်တစ်ခုကတော့ လူသားဒိုင်းလုပ်ဖို့ စုထားတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်"
စစ်ကောင်စီတပ်ဘက်က ဗန်းမော်မြို့ပေါ်က ရွှေနားရပ်ကွက်၊ နောင်ခိုရပ်ကွက်၊ နမ့်မားရပ်ကွက်နဲ့ မင်းလှ ရပ်ကွက်တို့အပါဝင် လိုင်ဇာက KIA ဌာနချုပ်အဟောင်းကိုလည်း ဇန်နဝါရီလ ၂၄ နေ့မှာ လေကြောင်းက တိုက်ခိုက်ခဲ့တယ်လို့ ဗိုလ်မှုးကြီး နော်ဘူက ပြောပါတယ်။
ဆက်နွှယ်သောသတင်းများ
ဗန်းမော်မြို့က စစ်ကောင်စီတပ်စခန်းတွေကို KIA ထပ်မံထိုးစစ်ဆင်
ဗန်းမော်တိုက်ပွဲကြောင့် ထွက်ပြေးရသူ သုံးသောင်းခန့် အရေးပေါ်အကူအညီလိုနေ
ဗန်းမော်မြို့ နေရာအများစုကို KIA ထိန်းချုပ်
ဗန်းမော်မြို့မှာ ဆယ်စုနှစ်တစ်စုကျော်အကြာ တပ်စွဲထားတဲ့ စစ်ကောင်စီသံချပ်ကာ တပ်ရင်းကိုလည်း ထိုးဖောက်ဝင်ရောက်ထားပေမဲ့ အပြီးသတ် မသိမ်းနိုင်သေးဘူးလို့ ဆိုပါတယ်။
ဗန်းမော်မြို့နယ်က စစ်ကောင်စီရဲ့ တပ်စခန်းအငယ်တွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့မှာ KIAနဲ့ ပူးပေါင်းတပ်တွေက စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာပါ။ လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကလည်း ဗန်းမော်မြို့ပေါ်မှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေတာ သုံးရက်လောက် ရှိပြီလို့ ပြောပါတယ်။
"ဒီဗန်းမော်မြို့က ပြည်သူတွေအများစုကတော့ ထွက်ပြေးတိမ်းရှောင်ကြပြီပေါ့နော်၊ ဒီဇင်ဘာလကတည်းက တိုက်ပွဲဖြစ်တာကတော့ ဗန်းမော်မြို့ပတ်ပတ်လည်ပေါ့၊ ဗန်းမော်မြို့နဲ့ နီးတဲ့ ဗန်းမော်ထောင်ရှိတဲ့ စကခ ၂၁၊ အဲဒီပတ်ဝန်းကျင်မှာ မနေ့ကရယ်၊ တစ်နေ့ကရယ် တိုက်ပွဲတွေ ပြင်းထန်နေတာပေါ့နော်၊ နမ်းဖားက ဗန်းမော်တက္ကသိုလ် အဲဒီဘက်မှာလည်း တိုက်ပွဲတွေဖြစ်နေတဲ့အသံ ကြားရတယ်ပေါ့နော်၊ ဒီနေ့မနက်လည်း ခြောက်နာရီကျော်လောက်ကတည်းက နှစ်ဖက်ပစ်ခတ်တဲ့အသံတွေ ပြန်ကြားရတယ်ဗျ"
အခုတစ်ခေါက် ဖြစ်ပွားနေတဲ့ နှစ်ဖက်တိုက်ပွဲတွေဟာ ပြင်းထန်နေပြီး စစ်ကောင်စီတပ်ကလည်း ဗန်းမော်မြို့ပေါ် ရပ်ကွက်တွေနဲ့ ဒေသခံတွေနေထိုင်တဲ့ နေရာတွေကိုပါ လေကြောင်းကရော လက်နက်ကြီးတွေနဲ့ပါ နေ့စဉ်ပစ်ခတ် နေတယ်လို့ ဆိုကြပါတယ်။
နောက်ထပ် လုံခြုံရေးကြောင့် အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်ကလည်း တိုက်ပွဲပြင်းထန်နေတဲ့ ဗန်းမော်မြို့ နေအိမ်ကနေ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးလာရတယ်လို့ RFA ကို ပြောပါတယ်။
"မထွက်လို့လည်း မရတော့ဘူးလေဗျာ၊ အချိန်ဆယ်မိနစ်ပဲပေးပြီးမှ ထွက်ခိုင်းတာဆိုတော့ ထွက်ရတာပေါ့၊ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေ တော်တော်များများ မယူခဲ့နိုင်တာတွေများတာပေါ့၊ အတင်းအကျပ်ထွက်ခွာရသလို ဖြစ်တဲ့အခါကျတော့ ရာဂဏန်းလောက်တော့ ရှိပါမယ်ခင်ဗျ၊ အခုပြန်ထွက်လာတဲ့ဟာလည်း နီးစပ်ရာပေါ့နော်၊ ဘုန်းကြီးကျောင်းတွေမှာရယ်၊ စစ်လက်နက်တွေ ထိခိုက်မှုကနေ လွတ်မြောက်မယ်လို့ထင်တဲ့နေရာလေးတွေကို ပြန်ပြောင်းရွှေ့နေကြရတာရှိပါတယ်"
တိုက်ပွဲတွေကြောင့် ဗန်းမော် ဒေသခံတစ်သိန်းလောက်ဟာ မန္တလေး၊ ဒေါ့ဖုန်းယန်၊ မိုးမောက်နဲ့ မံစီ စတဲ့ မြို့နယ်တွေက ဘာသာရေးအဆောက်အအုံတွေနဲ့ နီးစပ်ရာဆွေမျိုးနေအိမ်တွေမှာ ရွှေ့ပြောင်းနေထိုင်နေကြရပြီး စားရေးသောက်ရေးအတွက် အခက်အခဲတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း ဗန်းမော်မြို့ကို သိမ်းပိုက်ပြီးရင် တိုက်ပွဲတွေဟာ မြောက်ပိုင်းတိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့ မြစ်ကြီးနားမြို့ပေါ်အထိ ရောက်လာနိုင်တယ်လို့ သုံးသပ်ပါတယ်။
"ဗန်းမော်က ရက်ပိုင်းအတွင်းကျတော့မှာပါ၊ ဗန်းမော်က ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့ကြီးဖြစ်တဲ့အပြင် ရေလမ်း၊ လေလမ်း၊ ကားလမ်း တော်တော်လေး ဆုံချက်ကျတဲ့နေရာဖြစ်တာကိုး။ တရုတ်နဲ့ နယ်စပ်ထွက်ပေါက်တွေ ဗန်းမော်ပတ်ဝန်းကျင်မှာရှိနေတာ၊ ဒါပေမဲ့ အဲဒါတွေအများစုကတော့ သိမ်းပြီးပါပြီ၊ ဗန်းမော်က စစ်ကောင်စီကင်းစင်ရေးအတွက် အရေးကြီးတဲ့ဒုတိယမြို့တော်မို့ KIA သိမ်းပိုက်နေတာ ဖြစ်ပါတယ်။ အဲဒါကြောင့် ဒါပြီးရင် ပထမမြို့တော်ဖြစ်တဲ့ မြစ်ကြီးနားက မပခ (မြစ်ကြီးနားအခြေစိုက် မြောက်ပိုင်းတိုင်းတိုင်းစစ်ဌာနချုပ်) ဆီကို ဦးတည်ဖို့ပဲ ရှိတယ်လို့ ကျွန်တော် ယူဆပါတယ်"
တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ ကချင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီအတွက် စီးပွားရေးအရရော၊ စစ်ရေးအရပါ အရေးပါပြီး အမေရိကန်ဒေါ်လာ ဘီလီယံနဲ့ ချီ တန်ဖိုးရှိတဲ့ မြေရှား၊ ကျောက်စိမ်းနယ်မြေတွေ အပါအဝင် ကချင်ပြည်နယ်ထဲက ဧရိယာ ခုနစ်ဆယ် ရာခိုင်နှုန်းခန့်ကို KIA က သိမ်းယူထားပါတယ်။