ဗန်းမော်မြို့က စစ်ကောင်စီတပ်စခန်းတွေကို KIA ထပ်မံထိုးစစ်ဆင်

RFA Burmese
2025.01.24
ဗန်းမော်မြို့က စစ်ကောင်စီတပ်စခန်းတွေကို KIA ထပ်မံထိုးစစ်ဆင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်တချို့အား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့က တွေ့ရစဉ်။
Myu Tsaw Kasa

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စစ်ကောင်စီတပ်ရဲ့ အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်နဲ့ ခြေလျင်တပ်ရင်း ခလရ (၄၇) ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က ဇန်နဝါရီလ ၂၃ ရက်နေ့ကစပြီး ထပ်မံထိုးစစ်ဆင်နေတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သုံးရက်ခန့်က တိုက်ပွဲတွေ ငြိမ်သွားခဲ့ပေမဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ကစလို့ နှစ်ဖက်တိုက်ပွဲ ပြင်းပြင်းထန်ထန်ဖြစ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဗန်းမော်ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

"မနေ့ကတည်းက တိုက်ပွဲတွေ ပြန်ပြီး ပြင်းထန်နေတယ်။ ဒီနေ့ မနက်မှာ လေယာဉ်နဲ့ တောက်လျှောက် ဗုံးလာကြဲနေတယ်။ အခုက စကခ (၂၁) နဲ့ ခလရ (၄၇) နှစ်နေရာပဲ ကျန်တယ်။ အစောပိုင်းကတော့ မတိုက်သေးဘဲ လက်နက်ချဖို့ အချိန်ပေးထားတဲ့သဘောပေါ့။ မနေ့ကစပြီးတော့ KIA က ပြန်တိုက်တာ”

စစ်ကောင်စီတပ်ဘက်ကလည်း စကခ (၂၁)မှာ လေကြောင်းနဲ့ စစ်ကူအင်အားဖြည့်တင်းပြီး ခံစစ်ပြင်ထားသလို နေ့စဉ် ဗုံးကြဲတိုက်ခိုက်တာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗန်းမော်မြို့က ဒေသခံ အများစု မြို့ကို စွန့်ခွာသွားကြပေမဲ့ သက်ကြီးရွယ်အိုနဲ့ အိမ်စောင့်ကျန်နေသူ တချို့တော့ မြို့ထဲမှာ ရှိနေသေးတယ်လို့ ဆိုပါတယ်။

KIO သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကတော့ ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ သံချပ်ကာ တပ်နေရာအထိ ထိုးဖောက်ဝင်ရောက်နိုင်ပြီလို့ RFA ကို ပြောပါတယ်။

တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောရေးဆိုခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ကချင်ပြည်နယ် ဗန်းမော်နဲ့ မံစီမြို့ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး မံစီမြို့က တပ်စခန်းအားလုံးကို သိမ်းပိုက်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။