စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်ကျော်မှာ ရွှေစျေးတွေ မြင့်တက်လာအောင် စျေးကစားသူတွေကို စုံစမ်းစစ်ဆေးအရေးယူသွားမယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်းများအသင်း (YGEA) က မတ်လ ၁၆ နေ့မှာ သတိပေးထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ဘယ်လိုစစ်ဆေးပြီး အရေးယူသွားမယ်ဆိုတာ အတိအကျမပါပေမယ့် ဌာနဆိုင်ရာက စုံစမ်းစစ်ဆေးပြီး အရေးယူသွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
"နောက်ပိုင်း ရွှေကို လွတ်လွတ်လပ်လပ်ရောင်းဝယ်မှုမှာ ပိုခက်ခဲလာနိုင်တယ်"
မတ်လဆန်း ၅ ရက်နေ့ကစပြီး ကမ္ဘာ့ရွှေစျေးက ကိုးရက်ဆက်တိုက် တစ်ရက်ထက်တစ်ရက် စံချိန်တင်တက်လာခဲ့တာကြောင့် ပြည်တွင်းရွှေစျေးတွေလည်း တက်သွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရွှေဆိုင်လုပ်ငန်းရှင်လည်းဖြစ်၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ကမ္ဘာ့ရွှေစျေး တက်သွားတယ်လေ၊ မြန်မာ့ငွေလဲနှုန်းလည်း တအားဟသွားတော့ ရွှေစျေးတွေက ကြီးသွားတာ၊ မြန်မာ့ငွေလဲနှုန်း၊ ကမ္ဘာ့ရွှေစျေးနှုန်းတွက်လိုက်တော့ ၄၁ သိန်းလောက် ဖြစ်သွားတာ၊ သိန်း လေးဆယ်ကျော်သွားတာလေ၊ ဒါပေမဲ့ စျေးသာကြီးသွားတာ အရောင်းအဝယ်က မဖြစ်ပါဘူး”
ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က ရွှေတစ်ကျပ်သားကို လတ်တလော ကျပ် ၃၈ သိန်းနီးပါး သတ်မှတ်ပေးထားပါတယ်။ ဒါပေမဲ့ အဲဒီစျေးနှုန်းနဲ့ ဘယ်သူမှ အရောင်းအဝယ်မလုပ်ကြဘူးလို့လည်း မန္တလေးက ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့လုပ်ငန်းလုပ်ဖို့အတွက် ရွှေဝယ်တာက အခက်အခဲဖြစ်တယ်၊ ဝယ်လို့မရဘူး။ တရားဝင် နိုင်ငံတော်က သတ်မှတ်နေတဲ့စျေးနဲ့ ရွှေအသင်းက ကြေညာနေတဲ့စျေးနဲ့ဆို ဝယ်လို့မရဘူး။ အပြင်မှာလည်း အဲဒီစျေးနှုန်းနဲ့ အရောင်းအဝယ်မလုပ်ကြဘူး။ ရွှေအသင်းက သတ်မှတ်တဲ့စျေးနဲ့ဆိုတာကလည်း အရင်တုန်းကပဲ ဝယ်လို့ရခဲ့တာ၊ အခုမရတော့ဘူး”
ပြင်ပ ရွှေစျေးကွက်ထဲမှာ ပြင်ပ ပေါက်စျေးတွေနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့ သူက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က နေပြည်တော် ဗဟိုဘဏ်မှာပြုလုပ်တဲ့ စစ်ကောင်စီရဲ့ ရွှေနဲ့ငွေကြေးစျေးကွက် စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြပ်မတ်ရေးလုပ်ငန်းကော်မတီ အစည်းအဝေးမှာလည်း ရွှေစျေးကစားတာတွေကို အရေးယူနိုင်ဖို့အတွက် ရွှေကို အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုအဖြစ်သတ်မှတ်ဖို့ ထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။
ဒါကြောင့် နောက်ပိုင်း ရွှေကို လွတ်လွတ်လပ်လပ် ရောင်းဝယ်မှုမှာ ပိုခက်ခဲလာနိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့က ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“သူတို့သတ်မှတ်ထားတဲ့စျေးအတိုင်း မရောင်းတာရယ်၊ အရေးကြီးကုန်စည် ဖြစ်တာရယ်ကြောင့် တရားစွဲလို့ ရသွားတယ်၊ ဥပမာ ငါးထောင်နဲ့ ရောင်းခိုင်းတယ်၊ မကိုက်လို့ ခုနစ်ထောင်နဲ့ရောင်းရင် အဲဒီ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရဆိုပြီး စျေးကွက်ကို မတည်ငြိမ်အောင်လုပ်လို့ဆိုပြီး အရေးယူလို့ရသွားတယ်”
စစ်တပ်အာဏာမသိမ်းခင်က မြန်မာနိုင်ငံမှာ ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိ အာဏာသိမ်းသုံးနှစ်ကျော်အတွင်းမှာ ရွှေဈေးနှုန်းတွေက လေးဆနီးပါးအထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေစျေးတွေ ဆက်တိုက် စံချိန်တင်မြင့်တက်နေတာကြောင့် အခြေခံလူတန်းစားတွေအတွက် ပိုထိခိုက်နိုင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) အဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
“ရွှေကမဝယ်လို့ ဘာမှမဖြစ်ဘူးဆိုပေမယ့်လည်း သူနဲ့အတူ လိုက်တက်မယ့်ဒေါ်လာစျေးက ရှိသေးတယ်၊ စက်သုံးဆီကို ဒေါ်လာနဲ့ ဝယ်သွင်းရတဲ့အခါကျတော့ စက်သုံးဆီစျေးက ပြင်ပပေါက်စျေးမြှင့်နေမယ်ဆိုရင် စက်သုံးဆီ ပြန်ရောင်းတဲ့အခါစျေးက မြင့်သွားမှာပဲ။ အဲဒါကိုကြည့်ပြီး ဘာကိုသွားထိခိုက်နိုင်လဲဆိုတော့ သယ်ယူပို့ဆောင်ရေးမှာ သွားပြီးထိခိုက်တယ်၊ တစ်ရာနဲ့သွားလို့ရတဲ့ခရီးက နှစ်ရာဖြစ်သွားမယ်။ အခြေခံ စားသောက် ကုန်တွေ၊ ဟင်းသီးဟင်းရွက်တွေက စျေးမတက်ပေမယ့် သယ်ယူပို့ဆောင်ရေးက စျေးတက်သွားတော့ သူတို့ကလည်း စျေးတက်ရောင်းရတော့မှာ”
လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ မတ်လ ၁၇ ရက် မနေ့ကထုတ်ပြန်ချက်မှာ စစ်တပ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ပြည်တွင်းရွှေဝယ်လိုအားဟာ ရောင်းနိုင်တဲ့ပမာဏထက် များနေတာ၊ နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ ငွေစက္ကူရိုက်နှိပ်မှုနဲ့ပတ်သက်တဲ့ ကောလာဟလတွေကြောင့် ရွှေဝယ်စုကြတာ၊ ရွှေထွက်တဲ့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတာ စတာတွေကြောင့် ရွှေစျေးနှုန်းစံချိန်တင် တက်လာတာလို့ ထောက်ပြထားပါတယ်။ စစ်ကောင်စီအနေနဲ့ ဗဟိုဘဏ်၊ ရွှေနဲ့ငွေကြေးစျေးကွက် စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီအပြင် ရွှေလုပ်ငန်းရှင်အသင်းတွေနဲ့ပါ ထိန်းကျောင်းဖို့ကြိုးစားရင်းနဲ့ပဲ ရွှေစျေးက ကျပ်သိန်း လေးဆယ်ကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့တာလို့လည်း ဖော်ပြထားပါတယ်။