ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီပြန်ဖမ်းထားတဲ့အပေါ် ဝေဖန်

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) အကြံပေးပုဂ္ဂိုလ် သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ ထောင်ဒဏ် ခြောက်နှစ်ချမှတ်ခံထားရာက လွတ်ငြိမ်းသက်သာခွင့်နဲ့ ဧပြီ ၁၇ ရက်က လွတ်လာခဲ့ပေမဲ့ စစ်ကောင်စီက ပြန်လည်ဖမ်းဆီးထားတာ ခုဆို ရက် ၂၀ ကျော်သွားပါပြီ။

မြစ်ကြီးနားအကျဉ်းထောင်က ပြန်လွှတ်ပေးခဲ့ပြီး အဲနေ့ညမှာပဲ စစ်ကောင်စီက ပြန်ဖမ်းဆီးတာပါ။ ဒါ ပြန်ဖမ်းဆီးတာမဟုတ်ဘဲ ငြိမ်းချမ်းရေးအတွက် ပြောဆိုဆွေးနွေးဖို့ ခေါ်ထားတာလို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက BBC သတင်းဌာနကို ဧပြီ ၁၉ ရက်နေ့မှာ ဖြေဆိုထားပါတယ်။

ကချင်ပြည်နယ် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးကတော့ ခုလိုပြန်ဖမ်းဆီးတာက ဥပဒေကို မလိုက်နာတဲ့ လုပ်ရပ်လို့ ဝေဖန်ပါတယ်။

“လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်ပြီးနောက်မှာ ပြန်ဖမ်းတယ်ဆိုတဲ့ဟာက တော်တော်လေးကို လုပ်ချင်သလို လုပ်တယ်ဆိုတဲ့ဟာမျိုး တရားဥပဒေကိုလည်း မလိုက်နာတဲ့အပြုအမူလို့ပဲ မြင်ပါတယ်။ ဒေါက်တာဆမ်ဆွန်ကို အတင်းအဓမ္မ ငြိမ်းချမ်းရေးမှာ လုပ်ဆောင်ခိုင်းတဲ့ အနေအထားဖြစ်နေတယ်။ မိမိရဲ့ဆန္ဒမပါဘဲနဲ့ အတင်းအဓမ္မ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် အသုံးပြုချင်တယ် ပြီးရင် ဓားစာခံအဖြစ် အသုံးပြုနေတဲ့ လုပ်ရပ်မျိုးဖြစ်တယ်လို့ပဲ မြင်တယ်။”

ကချင်နိုင်ငံရေးလေ့လာသူ နောက်တစ်ဦးကတော့ ငြိမ်းချမ်းရေးအတွက် ဖမ်းဆီးတာ မဖြစ်နိုင်ဘူးလို့ သုံးသပ်ပါတယ်။

“အကယ်၍များ စစ်ကောင်စီအနေနဲ့ နဂိုကတည်းက ဒီ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တကယ်သုံးချင်လို့ရှိရင် ပါဝင်ခိုင်းမယ်ဆိုလို့ရှိရင် ပြန်ဖမ်းစရာလည်းမလိုဘူး။ ဆရာကြီးက မြစ်ကြီးနားကနေ ဘယ်မှ ထွက်ပြေးမယ့်သူလည်း မဟုတ်ဘူး။ အေးအေးဆေးဆေး ဆွေးနွေးလို့ရတာပဲ ဆိုတော့ ငြိမ်းချမ်းရေးမှာ ပြန်သုံးမယ်ဆိုတဲ့ဟာက တကယ်လက်တွေ့မှာ ဘယ်လိုမှ လက်ခံလို့မရတဲ့ အနေအထားပေါ့။ လူထုရဲ့မျှော်လင့်ချက်တွေကို ပြန်ပြီးမှ ရှင်သန်စေမယ့် လူပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့် ပြန်ထိန်းထားတယ်လို့ ကျွန်တော်က အဲလိုပဲသုံးသပ်မိပါတယ်။”

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ဖမ်းဆီးထားတာဟာ ဘာသာရေးလွတ်လပ်ခွင့်ကိုလည်း ချိုးဖောက်တာလို့လည်း သူက ပြောပါတယ်။

အသက် ၆၅ နှစ်အရွယ် ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ မွေးရာပါ အဆုတ်အားနည်းသူ ဖြစ်ပါတယ်။ ဒါကြောင့် ဆေးဝါးကုသဖို့ လိုအပ်တယ်လို့ KBC က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“လောလောဆယ်ကတော့ ကျွန်တော်တို့ကတော့ ဘာမှတော့ပြောလို့မရဘူးပေါ့နော်။ ကျွန်တော်တို့ကတော့ ဆရာက ကျန်းမာရေးမကောင်းတော့ အိမ်မှာ နားနားနေနေနေပြီး အနားယူ ကျန်းမာရေးစောင့်ရှောက်ခွင့်နဲ့ အနားယူစေချင်တယ် ဒါပဲ ကျွန်တော်တို့က။ (ငြိမ်းချမ်းရေးဆွေးနွေးဖို့) သိပ်မဖြစ်နိုင်ဘူးထင်တယ် ကျွန်တော်တို့က ဘာသာရေးသီးသန့်သမားတွေဆိုတော့ ငြိမ်းချမ်းရေးကိစ္စတွေက ကျွန်တော်တို့နဲ့ သိပ်မဟပ်စပ်ဘူးလို့ ထင်တယ်။”

ဒေါက်တာ ခလမ်ဆမ်ဆွန်ရဲ့ မိသားစုဝင်တစ်ဦးက…

“သွားတွေ ဘာတွေက သိပ်မကောင်းဘူး နောက်ပြီးတော့ သွေးတိုးတွေရှိတယ် သူက ကျန်းမာရေးအခြေအနေကတော့ သိပ်အဆင်မပြေဘူး မကောင်းဘူးပေါ့။ ကျန်းမာရေးက စစ်ဆေးဖို့တော့ လိုအပ်တယ် ဘာလို့လဲဆိုတော့ ထောင်ထဲမှာ ရက်ပေါင်း ၅၀၀ နေခဲ့တယ်ဆိုတော့နော်။ သူ့ကျန်းမာရေးက နဂိုထက်တော့ တော်တော်များများ ယိုယွင်းနေတယ်။ ပြန်လွှတ်ဖို့တော့ လိုအပ်တယ် နောက်ပြီး ကျန်းမာရေးလည်း စစ်ဆေးဖို့လိုအပ်တယ်။”

Photo: KBC
Photo: KBC

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြန်လည် ထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ ကချင်ပြည်နယ် စစ်ကောင်စီရဲ့ ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က မေးမြန်းဖို့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှာ အထွေထွေအတွင်းရေးမှူးနဲ့ ဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်ခဲ့ပြီး လက်ရှိမှာ အကြံပေးတာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ဒါ့အပြင် ကချင်စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် လုပ်ဆောင်နေတဲ့ ကချင်လူသားချင်းစာနာထောက်ထားမှုအဖွဲ့(KHCC) ဥက္ကဋ္ဌဖြစ်ပြီး ကချင်လူထုပေါ် ဩဇာရှိတဲ့ ဘာသာရေးခေါင်းဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

သူ့ကို မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးခဲ့ပြီး မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က) နဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က) အမှုတွေနဲ့ ထောင်ဒဏ်ခြောက်နှစ် ချမှတ်ခဲ့ပါတယ်။

ဒေါက်တာ ခလမ်ဆမ်ဆွန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ၂၀၁၉ ခုနှစ်က တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့် မရှိတဲ့အကြောင်းနဲ့ လူနည်းစုတိုင်းရင်းသားတွေ ဖိနှိပ်ခံရတဲ့အကြောင်း တင်ပြခဲ့မှုနဲ့ စစ်တပ်က တရားစွဲခဲ့ဖူးပါတယ်။